တပ်စုထောင်လို့
ဗိုလ်ထုနဲ့ ချီတက်လာတက်တဲ့ ခြင်တွေသာမရှိခဲ့ရင် ငါ့အနေနဲ့ကတော့ ခေါင်းရင်း က ပြတင်းပေါက်ကို
အမြဲပိတ်ထားစရာ ဘာအကြောင်းမှတော့ မရှိပါဘူး။ ဒါပေမယ့်လည်း ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တွေထဲက
ခြင်တွေဟာ ထင်မှတ်မထားနိုင်အောင် များပြားလွန်းပြီး အတင့်ရဲ လွန်းပါတယ်။ ဒီခြင်တွေကို
မီးခိုးတိုက်ပြီးတစ်မျိုး၊ ခြင်ဆေးခွေနဲ့ တစ်ဖုံ၊ ခြင်ရိုက်တံနဲ့ တစ်ခါ မရိုးနိုင်အောင်
နှိမ်နင်းခဲ့ပေမယ့် သူတို့ရဲ့ မျိုးပွားနှုန်းကိုတော့ နေက်ဆုံး ငါတို့တစ်အိမ်လုံး အသိအမှတ်
ပြုလို့ အရှုံးပေး လိုက်ရတယ်။ ဒါနဲ့ပဲ ခေါင်းရင်းက ပြတင်းပေါက်ဟာ ရာသက်ပန်နီးပါး အမြဲလို
ပိတ်မိလျက်သား ဖြစ်နေတာ ပေါ့။ ဒီလို ပြတင်းပေါက်ပိတ်လိုက်လို့ ခြင်တွေရန်က ဝေးပြီလို့တော့ပြောလို့မရပါဘူး။ ညနေဘက် နည်းနည်းကလေးမှောင်လာပြီဆိုရင်ပဲ ခြင်တွေဟာ နေရာတကာ ဥဒဟို
ပျံချင်သလိုပျံပြီး သူတို့ပြုသမျှ နုရတော့တာပါပဲ။ ဒါကြောင့် ငါဆိုရင် ခြင် ဆေးခွေမထွန်းဘဲ
အခန်းထဲမှာ နှစ်မိနစ်ုပြည့် အောင်မနနိုင်ဘူး။ ညနေ အလုပ်ဆင်းလို့ အိမ်ရောက်တာနဲ့ ခြင်ဆေးခွေကို
အရင်ရှာရတော့တာပဲ။
ငါ့အခန်းက ငါတို့အိမ်ရဲ့ အနောက်ဘက်ဆုံးအခြမ်းမှာရှိတာ။ အမြဲတမ်းလိုလို မှောင်နေတတ်တယ်။ ကျဉ်းတယ်လို့ မဆိုသာပေမယ့် ကျယ်တယ်လို့လည်း မဟုတ်ဘူး။ အခန်းထဲမှာတော့ အဝတ်လှမ်းစဉ်တစ်ခု၊ ကုတင်တစ်လုံး၊ စာအုပ်ဘီဒိုတစ်လုံး၊ လျှော်စရာ အဝတ်တွေထည့်ဖို့ တောင်းတစ်ခု ဒါပါပဲ။ လေဝင်လေထွက် မရှိဘူးရယ်။ နောက်ပြီး မျက်နှာကျက်က မီးလုံးကလည်း ကောင်းကောင်းသိပ်မလင်းချင်ဘူး၊ ဒါပေမယ့် အသစ်လှဲစရာလိုတဲ့ အဆင့်အထိတော့ မဟုတ်ဘူးပေါ့။ အခန်းခြေရင်း တံခါးပေါက်နားမှာ ရေခဲသေတ္တာ အပျက်တစ်လုံးရယ်၊ ဖိနပ်စဉ်တစ်ခုရယ်၊ အသုံးမလိုတော့ပေမယ့် လွှင့်ပစ်လို့မရသေးတဲ့ ပစ္စည်း၊ ပစ္စယတွေ ရှိတယ်။ သောက်ရေဗူးတစ်ဗူးရှိတယ်။ ဒါပါပဲ။ ဘာမှ တန်ဖိုးကြီး ပစ္စည်းရယ်လို့တော့ မရှိပါဘူး။ ငါ့အခန်းထဲ ဝင်လာရင် နည်းနည်းတော့ ညှင်းသိုးသိုးဖြစ်လိမ့်မယ်။ ဒါပေမယ့်လည်း ခဏပါပဲ။ နောက်ပိုင်းတော့ ယဉ်သွားတာပါပဲ။

တကယ်တမ်းကျတော့ ငါလည်း အိမ်သိပ်ကပ်တဲ့ကောင်တော့ မဟုတ်ပါဘူး။ တနလာၤ၊
စေနေ ဆိုရင် သူလိုကိုယ်လိုပါပဲ တစ်နေ့တစ်နေ့ ရုံးတက်ပေါ့။ ရုံးတက်တယ်ဆိုတာကလည်း အခက်သားပဲ
မဟုတ်လား။ ကိုးနာရီ အလုပ်စဆင်းဖို့ ခုနစ်နာရီထွက်တဲ့ ကားအမီလိုက်ရတာမျိုးလေ။ အဲသည်လို
ခုနစ်နာရီကား အမီလိုက်စီးနိုင်အောင် ခြောက်နာရီခွဲ နောက်အကျဆုံး အိပ်ယာထ ပြင်ဆင် ရတာမလား။ဒါတောင် အိမ်မှာ ထမင်းဟင်းချက်ပေးမယ့်သူ ရှိနေလို့သာပေါ့။ ညနေကျတော့ကော ဘာထူးသေးလဲ။ ရုံးဆင်းပြီး သင်တန်းလေးဘာလေး ပြေးရ သေးတာ။ ဒီလိုမှ မပြေးလဲ
ရတဲ့လစာက တက်မလာနိုင်ဘူးလေ။ ထားပါတော့။ ဒီတော့ အိမ်ပြန် ရောက်ရင် ရှစ်ခွဲ၊ကိုးပေါ့။
ထမင်းစား၊ ရေချိုး၊ ခဏနားရင်ပဲ ဆယ်နာရီနားကပ်လို့။ မအိပ်ခင်လေး ဖေ့ဘုတ်သုံးချင်လည်း
သုံး၊ တစ်ခါတစ်လေ ဂိမ်းဆော့ရင် ဆော့။ စာအုပ်လေးဘာလေး အပြင်းပြေ ဖတ်တဲ့အခါလည်း ဖတ်ပေါ့။
ဒီလိုနဲ့ ညက ၁၂ နာရီလောက်တော့ အသာလေးပဲ။ ဘယ်မှာ ပြတင်းပေါက်ဖွင့်ချိန်ရတော့လို့လဲ။
ငါအိမ်က မြောက်ဒဂုံမှာပါ။ အဲ ငါ့အိမ်လို့သာပြောတယ်။ ငါပိုင်တဲ့အိမ်ရယ်လို့တော့
မဟုတ်ရေးချ လုံးဝမဟုတ်ပါဘူး။ အမွေဆိုင်လားဆိုရင်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ငါနေသေးသမျှတော့
ငါ့အိမ်ပဲ ပေါ့။ ငါတို့ရပ်ကွက် လမ်းတွေထဲမှာတော့ တိုက်ပုကလေးတွေ၊ အမြင့်ဆုံးဆို နှစ်ထပ်တိုက်တွေတော့
ရှိတာပေါ့။ ပျဉ်ထောင်အိမ်လေးတွေ၊ တဲအိမ်ကလေးတွေအပြင် အငှါး အိမ်တန်းလျားတွေလည်း ရှိတယ်။
ကားပိုင်တဲ့အိမ်ဆိုလို့ တစ်လမ်းလုံး ဟိုနားတစ်အိမ်၊ ဒီနားတစ်အိမ်လောက်ပါပဲ။ တစ်ရပ်ကွက်လုံး
မှာမှ လေးငါးအိမ်လောက်ပါပဲ။ ရပ်ကွက်ထဲက အများစုကတော့ ကော်လံပြာဆိုတဲ့ လူတန်းစားတွေ
အများစုပါပဲ။ သူတို့ကို သူတို့ ခေတ်ပညာတက်လို့ ပြောပြောနေတဲ့ လူလတ်တန်းတွေလည်း အနည်း
ကျင်းတော့ရှိပါတယ်။ ငါကတော့ ဒီရပ်ကွက်ထဲမှာ အသားကျနေပါပြီ။ ရပ်ကွက်ထဲက နောက်ပေါက် ချာတိတ်
ပေဘိကလေးတွေကလွဲရင် မျက်မှန်းတမ်း မမှတ်မိတဲ့သူက ရှားပါတယ်။ တစ်ခြားရပ်ကွက်က ပြောင်းလာတဲ့သူ
တစ်ချို့တစ်လေက လွဲရင်ပေါ့။ ငါ့ ခေါင်းရင်းက ပြတင်းပေါက်က မှန်ပြတင်းပေါက်ဆို တော့
ခေါင်းရင်းအိမ်ကို လှမ်းမြင်ရတယ်။ ခေါင်းရင်းအိမ်ဆိုတာက အခုဏက ငါပြောတဲ့ ကားပိုင်တဲ့အိမ်
လေး၊ ငါး အိမ်ထဲက တစ်အိမ်။ ခေတ်ပညာတက် လူလတ်တန်းထဲကလို့တော့ ထင်ရ တာပဲ။ တစ်ခါတစ်လေဆို
အဲသည်အိမ်က မုန့်တွေ၊ ဟင်းတွေ လာလာပို့တက်တယ်။
အရင်ကဆိုရင် ငါ အဲသည်လို အမြဲတံခါး ပိတ်နေတတ်တဲ့သူတော့ မဟုတ်ပါဘူး။
အခုကတော့ နေသားကျနေပါပြီ။ တစ်ခါတစ်လေ ရုံးပိတ်တဲ့ ရက်တွေဆိုရင် ငါက မနက်ကို ရှစ်နာရီကျော်လောက်မှ
အိပ်ယာထတယ်။ ဒါကိုလည်း ဘယ်သူကမှ အရေးတယူ ပြောမနေပါဘူး။ စောစောထပြီးတော့လည်း လုပ်စရာမယ်မယ်ရရမရှိပါဘူး။
ရှိလည်း မလုပ်ဖြစ်တာများပါတယ်။ အဲသည်လို ရုံးပိတ်ရက်တွေများဆို ရင် မနက်ခင်းနေရောင်ခြည်က
ပြတင်းပေါက်ကနေ မျက်နှာကို လာထိုးတက်တယ်။ အဲလိုနေထိုးတော့မှ အိပ်ယာက နိုးတာလေ။ အဲသလို နေ့တွေဆိုရင်
ငါ ပြတင်းပေါက်ကို တခုတ်တရ သွားသွားဖွင့် တက်တယ်။ ပြတင်းပေါက်ကို ဖွင့်နေရင်းနဲ့လည်း
ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲက စာသားတစ်ချို့ကို သွားသွား အမှတ်ရတာပဲ။ ဘယ်စာအုပ်ကလဲဆိုတာကတော့
ငါ့ဦးနှောက်က လိုက်မမှတ်နိုင်တော့ဘူး။ “ပြတင်းပေါက်ကို ဖွင့်ထားလို့ ပန်းရနံ့တွေကို
မျှော်လင့်ထားရင် လေပြေနဲ့အတူ ပါလာမယ့် ဖုန်နဲ့ အမှိုက်တွေကိုလည်း လက်ခံထားနိုင်ရမယ်”
ဆိုလားပဲ။ သေသေချာချာ တိတိကျကျ မှတ်မိတာမျိုး တော့ဘယ်ဟုတ်ပါ့မလဲ။ ငါ့ဦးနှောက်က မှတ်သားသိမ်းဆည်းရမှာ
သိပ်ပျင်းတာ။
ပြတင်းပေါက်ကို ဖွင့်လိုက်လို့လည်း ငါ့အခန်းက သိသိသာသာကြီး လင်းလာတာမျိုးလည်း
မဟုတ်ပါဘူး။ ဒါပေမယ့် ရုံးပိတ်ရက် အိမ်မှာ ရှိနေတဲ့ နေ့လည်နေ့ခင်းတွေဆိုရင် ငါက ပြတင်းပေါက်ကို
အမြဲဖွင့်တက်တယ်။ အနည်းဆုံးတော့ အသက်ရှုရတာ နည်းနည်းလောက်ဖြစ်ဖြစ် လွတ်လပ်သွားသလို ခံစားရလို့လည်း
ဖြစ်နိုင်ပါတယ်။ အိမ်ခေါင်းရင်းက ခြံစည်းရိုးနဲ့ အရမ်းကပ်နေပြီ။ ဟိုဘက်ခြံထဲက သရက်ပင်သုံးပင်က
ငါ့ ခေါင်းရင်း ပြတင်းပေါက်အရှေ့ တည့်တည့်မှာ။ ဒါကြောင့် ပြတင်းပေါက်ကနေ အလင်းတွေ သိပ်ပြီး
မဝင်နိုင်တာလေ။ အဲသည် သရက်ပင် သုံးပင်ကို ကျော်ပြီးကြည့်မယ်ဆိုရင်တော့ ခေါင်းရင်းအိမ်က
ရေတိုင်ကီရှိမယ်။ နောက်ပြီး ကိုက္ကိုလ်ပင်တွေ၊ မှို့ပင်တွေ၊ ခြုံနွယ်တွ၊ ငါ နာမည်မသိ
တဲ့အပင်တွေရှိတယ်။ ခြင်တွေ ဒီလောက်များနေတာကလည်း ဒီခြုံတွေကြောင့်ဖြစ်မယ်ထင်တယ်။ ဘယ်သူကမှလည်း
ကိုယ့်အိမ်နောက်ဖေးကို ရှင်းကြလင်းကြတာလည်း မတွေ့မိပါဘူး။ ဒါကြောင့် ပြတင်းပေါက်ဖွင့်ပြီး
ထိုင်ဖီးလ်နေလို့တော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အိမ်ကလူတွေဆိုရင် အဲသည် ပြတင်းပေါက်ကိုရှိတယ်လို့မှ
သိကြသေးရဲ့လားလို့ အရည်မရ အဖတ်မရ ငါ ခဏခဏ တွေးဖူးတယ်။
စာမဖတ်တဲ့သူဟာ ပြတင်းပေါက် မရှိတဲ့ (ပိတ်ထားတဲ့) အိမ်တစ်လုံးနဲ့
တူတယ်လို့ ငါ ငယ်ငယ် တုန်းက ဆရာမတွေ ပြောပြဆုံးမတာ ခဏခဏကြားရဖူးတယ်။ အခု ငါတို့ အိမ်က
ပြတင်းပေါက်က တော့ အမြဲလိုလို ပိတ်ထားတာပဲ။ ဖွင့်လိုက်တော့လည်း ပန်းရနံ့တွေ၊ လေပြေလေညှင်းလေးတွေတော့
ရောက်လာစရာအကြောင်းမမြင်ဘူး။ သေချာတာကတော့ ခြင်တွေ အုံလိုက်ကျင်းလိုက်နဲ့ ဝင်လာမယ်ဆိုတာပါပဲ။ ဒါကြောင့် ဒီပြတင်းပေါက်က ဘာမှ အရေးမပါဘူးလေ။ ဒီအိမ်ဆောက်တဲ့ လက်သမားဆရာက ဘယ်လို
ရည်ရွယ်ချက်နဲ့ ဒီပြတင်းပေါက်ကို လုပ်ထားခဲ့လည်းဆိုတာတော့ ငါလည်းမသိဘူး။ ဒီအိမ်သူ အိမ်သားတွေ
ခြင်ကိုက်ပါစေ ဆိုတဲ့ စေတနာစိတ်နဲ့တော့ မဟုတ်တန်ပါဘူး။ ဒီနေ့ အခုလို ဒီပြတင်းပေါက်ကြောင့်
အိမ်မှာ ဒုက္ခရောက်နေတာ အဲသည် လက်သမားသိရင် ဘယ်လိုနေမလဲ ဆိုတာတော့ ငါလည်း မတွေးတက်ပါဘူး။
သွားဖြီးပြီး ပြုံးနေမလားပဲ။
ဒီလိုနဲ့ ငါလည်း ခြင်ကိုက်ခံရတဲ့ ကိစ္စကို ရေးကြီးခွင်ကျယ်လုပ်လို့ ပြတင်းပေါက်ကို အပြစ်တင်နေလိုက်တာ ကိုယ့်အခန်းကို သန့်ရှင်းရေး မလုပ်ဖြစ်တော့ဘူး။ ငါ့အခန်းကတော့ အမြဲရှုပ်ပွနေတာ။ အိမ်ကလူတွေ အမြင်မတော်လို့ ရှင်းပေးလည်း ခဏပဲ။ ကြာလာတော့ ဘယ်သူမှ သန့်ရှင်းရေးလုပ်မပေးတော့ဘူး။ ငါကလည်း ငါပဲ။ ဒီလို ရှုပ်ရှုပ်ပွပွ နေရတာကို မသိစိတ်ကဘဲ ကြိုက်နေတာများလားပဲ။ အခန်းထောင့်က တစ်ပတ်လုံး ဝတ်ထားတဲ့ အဝတ်ထုပ်ကို ယူတော့ အလားလား ခြင်တွေ ခြင်တွေဆိုတာ …………..။ ။

ဗန်ခိုမှိုင်း (22.01.2019)
3:25 PM
No comments:
Post a Comment