“ရော့ရေဂင်။ သီချင်းသေချာလိုက်ဆို။ မမ အိပ်ရေးပျက်ခံပြီးရေးပေးထားတာ” ဟုဆိုကာ ကျွန်တော့်ရင်ဘက်ထဲကို ပစ်ပေးလိုက်သည့် ဒွေး၊ထက်ထက်မိုးဦးပုံ အဖုံးနှင့် Arrow ဗလာစာအုပ်လေးအား ကျွန်တော်ဘယ်နှကြိမ်၊ ဘယ်နှခေါက်မျှ တယုတယ နမ်းရှိုက်မိသည် ဆိုသည်ကို မရေနိုင်၊ အတွက်နိုင်အောင်။ ခရစ္စမတ်မတိုင်မီ ကယ်ရိုသီချင်းများ ထွက်ဆိုရန် ဘုရားကျောင်းတွင် စနေညတိုင်း လူငယ်များ သီချင်းတိုက်သည့် အစီအစဉ်ကြောင့် ကျွန်တော်ဟာ မမကို တစ်ပတ်နှစ်ကြိမ်တော့ ဖူးမျှော်ခွင့်ရခဲ့ပါသည်။ မမသည် လှသည်ဟု မကြခဏဆိုသလို ဘုရားကျောင်းမှ အစ်ကိုကြီးများပြောသည်ကို ကြားခဲ့ရပါသည်။ မိန်းမတစ်ယောက်၏ ခန္ဒာကိုယ်ကောက်ကြောင်းများအား ခံစားနိုင်စွမ်းမရှိသေးသည့် ကျွန်ုပ်အဖို့ မမသည်တီဗွီမင်းသမီး ထက်ထက်မိုးဦး၊ ရတနာခင်၊ နန္ဒလှိုင်တို့ထက်လှသည်ဟု ယုံကြည်မိပါသည်။ ထို့အပြင် မမမှာ အသံကောင်းသည်။ တနင်္ဂနွေနေ့ ဘုရားရှိခိုးရသည်ကို ကျွန်တော် ပျင်းရိသော်လည်း မမသီချင်းထွက်ဆိုသည့်အချိန်ကိုမူ ကျွန်တော်မပျင်းနိုင်ပါ။ ဘုရားကျောင်း ပုလ္လင်ရှေ့တွင် ဘုရားရှိခိုး သီချင်းဦးဆောင် နေသည့်မမသည် ကျက်သရေရှိသည်။ တရားဟောပုလ္လင်ထက်က ပန်းများမှာ မမကြောင့် အရောင်မှိန်နေရသည်ဟု ကျွန်တော်တထစ်ချ ယုံကြည်မိပါသည်။ မမသည် အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်းနှင့် ကြည်လင်ပြတ်သားသည့် မျက်လုံးတစ်စုံကို ပိုင်ဆိုထားသူဖြစ်သည်။ အနေအထိုင် သိမ်မွေ့သည်။ စကားပြော ချိုသည်။ သီချင်းဆို အလွန်ကောင်းသည်။
ထိုအချိန်က မမသည် (၈)တန်းကျောင်းသူအရွယ်သာ ရှိသေးပြီး ကျွန်တော်က (၄)တန်းအရွယ်သာ ရှိပါသေးသည်။ အဆောာင်တွင် နေကြသည့် ကလေးများကြား၌ ကျွန်ုပ်မှာ စာတော်သည့်ကလေးဖြစ်ခြင်းကြောင့် မမသည် ကျွန်ုပ်အား အခြားရွယ်တူကလေးများထက် ချစ်သည်။ အလိုလိုက်သည်။ အတန်းထဲတွင် အဆင့် (၂) ရခဲ့ခြင်းကြောင့်လည်း ခရစ္စမက်သီချင်းများအား ဒိုင်ခံကူးပေးခဲ့ခြင်းလည်း ဖြစ်သည်။ သို့သော် ပုံပြင်နားထောင်ရခြင်းလောက်သာ ခုံမင်ကာ သီချင်းဆိုအလွန်ပျင်းသည့် ကျွန်ုပ်မှာ သီချင်းမရသဖြင့် မမနှင့်အတူ ကယ်ရိုထွက်ခွင့်ရမယ့် အခွင့်အရေးအား လက်လွှတ်ခဲ့ရပါသည်။ ထို ဒွေးနှင့် ထက်ထက်မိုးဦးပုံပါ ဗလာစာအုပ်တွင် ခရစ္စမက်သီချင်း စုစုပေါင်း (၆၅) ပုဒ်ပါဝင်ပြီး နောက်ဆုံးအပိတ်တွင် မောင်လေးရေဂင်အတွက် မမရဲ့ ခရစ္စမက်လက်ဆောင် ဟူ၍ စာတိုကလေး ရေးထားပါသည်။ ထိုကြောင့် ကျွန်ုပ်ကြိုးစားခဲ့သည်ထင်ပါ၏ မြို့နယ်ကျောင်းပေါင်းစုံ ဖြေဆိုသည့် စာပေးပွဲတွင် တတိယဆု ထပ်မံရရှိခဲ့ပါသည်။
ထို့နောက် ကျွန်ုပ် (၅) တန်းတက်ချိန်တွင်တော့ မမသည် ချစ်သူထားတတ်လာပါသည်။ မမ၏ ချစ်သူမှာ ဘုရားကျောင်းတွင် မမနှင့်အတူ သီချင်းဦးဆောင်သည့် ဆရာတစ်ဦးဖြစ်ပြီး ပုံပြော အလွန်ကောင်းသောကြောင့် ကျွန်ုပ်တို့ ကလေးတစ်သိုက် အလွန်ချစ်ခင်သူ တစ်ဦးလည်းဖြစ်ပါသည်။ အဆိုပါ ဆရာမှမမအား ရည်းစားစာသော်လည်းကောင်း၊ ချိန်းတွေ့ရန် ကစားမှာလိုသော်လည်းကောင်း ကျွန်ုပ်အား စေခိုင်းတတ်သည်။ ကျွန်ုပ်သည် စာတော်၍ လိမ်မာသည့် ကလေးမဟုတ်ပါလား။ သို့သော် အဆောင်မှူး ရှိနေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ကျွန်ုပ်သည် ထိုစာများကို ၀ါးစား၍ဖျောက်ဖျက်ပစ်ခဲ့သည်မှာလည်း အကြိမ်ကြိမ်။ မမသည် မူလက စာတော်သည့် ကျောင်းသူတစ်ဦးဖြစ်ခဲ့ပါသည်။ ထို့အပြင် လိမ္မာရေးခြားရှိ၍ သင်းအုပ်ဆရာနှင့် အခြား ဆရာများ၏ ချီးမြောက်ခံရသည့် ကျောင်းသူ တစ်ဦးလည်းဖြစ်ပါသည်။ ရည်းစားထားပြီးသည့်နောက်တွင် လပတ်စာမေးပွဲ မဖြေနိုင်၍ ကျောင်းမှ အုပ်ထိန်းသူအား ဆင့်ခေါ်ခံခဲ့ရသည် အထိ အခြေအနေ ဖြစ်လာခဲ့ပါသည်။ တစ်ခါတစ်ရံတွင် မမရည်းစားထားသည်ကို အဆောင်မှူးအား တိုင်ကြားလိုသော်လည်း မမအရိုက်ခံရမည်ကို စိုး၍သော်လည်းကောင်း၊ မမ၏ချစ်သူဆိုသူဆရာမှ ထိုးကြိတ်မည်ကိုသော်လည်းကောင်း ကြောက်၍ ထိုစိတ်ကူးများမှာ လက်တွေ့ဖြစ်မလာခဲ့ပါချေ။
အလှတရားသည် လက်နက်တစ်ခုဖြစ်သည်ဟူသည့် အတွေးစာစုကို မမသည် သိနိုင်လေဟန်မတူခဲ့ပေ။ လက်နက်ဆိုသည်မှာအသုံးချနိုင်ပါက အောင်မြင်မှုကို ပေးစွမ်းနိုင်သော်လည်း အသုံးမချနိုင်ပါမူ မိမိအား အန္တရာယ်ပြန်လည် ပြုနိုင်သည်ကို ဆိုလိုခြင်း ဖြစ်သည်။ ငှက်များတွင် ဒေါင်း၊ကြက်တူရွေးငှက်များမှာ သာမာန်ထက်ထူးခြားလှပသည့် အရောင်အသွေးရှိသည့်ငှက်များရှိသည်။ ထိုထူးခြားသည့် အရောင်အသွေးကြောင့်ပင် အဆိုပါ ငှက်များမှာ လှောင်အိမ်ထဲတွင်နေထိုင်ရပြီး ပျံသန်းခွင့်ကို စွန့်လွှတ်ခဲ့ရသလို အလှမွေးငါးများမှာ လည်း ၎င်းတို့၏ လှပသည့် အရောင်အသွေးကြောင့်ပင် လွှတ်လပ်ခွင့်ကို ဆုံးရှုံးခဲ့ရသည် မဟုတ်ပါလား။ မမသည် လျှောင်အိမ်ထဲက ကြက်တူရွေးဖြစ်သည်။ မှန်ပေါင်ထဲက ရွှေငါးကလေး တစ်ကောင်ဖြစ်သည်။
ကျွန်ုပ် (၅)တန်းအောင် (၆)တန်း မတက်မီတွင် သတင်းဆိုးတစ်ခုကို ကြားသိခဲ့ရပါသည်။ မမမှာ ကိုယ်ဝန်ရရှိနေသည်ဆိုသည့် သတင်းဖြစ်ပါသည်။ ထိုသတင်းကြားရသည့် နောက်တွင် မမနေသည့် အဆောင်သို့ သွားရောက်ခဲ့သော်လည်း မမမှာ အဆောင်တွင် ရှိမနေတော့ဘဲ အဆောင်မှူးအိမ်တွင် အိမ်ပြင်မထွက်ရအမိန့်ဖြင့် ရောက်ရှိနေကြောင်းသိရပါသည်။ အဆောင်မှူးအိမ်သို့ ရောက်ရှိချိန်တွင် အပေါ်ထပ်မှ မမ၏ ရှိုက်ငိုသံ သဲ့သဲ့ကို အတိုင်းသားကြားရပါသည်။ ထို ရှိုက်သံများသည် ကျွန်ုပ်အတွက် ခြောက်ကပ် အိမ်မက်များဖြစ်လာခဲ့သည်။ လူစီဖာ၏ လှောင်ပြောင် သရော်သံဟု ထင်မိပါတော့သည်။ သို့သော် မမနှင့် မမ၏ချစ်သူတို့၏ ဇာတ်လမ်း မှာထိုနေရာတွင်သာ အဆုံးသတ်ခဲ့ရပြီး မမ၏ ချစ်သူမှာ မိဘများ၏ သဘောထားကို လွန်ဆန်နိုင်ခြင်းမရှိဘဲ မမမှာ သူ၏မိဘများရှိရာသို့ တစ်ကိုယ်တည်း ထွက်ခွါခဲ့ရပါသည်။
နောက်ပိုင်းတွင်မူ မမနှင့် ပတ်သက်သည့် သတင်းတစ်စုံတရာကိုမျှ မကြားရတော့သည်မှာ ယနေ့ထက်ထိဖြစ်ပါသည်။ မည်သို့ ပင်ဆိုစေကာမူ အထက်တန်းကျောင်းသူလေးများ ရည်းစာသနံထားသည်ကို တွေ့မြင်ရသည်ရှိသော်လည်းကောင်း၊ ခရစ္စမက်သီချင်း သံများကြားရသည်ရှိသော်လည်းကောင်း တစ်ချိန်က မမပုံရိပ်နှင့်အတူ မမ၏ရှိုက်သံ သဲ့သဲ့အား ပြန်လည်အမှတ်ရမိပါတော့သည်။
ဗန်ခိုမိုင်း
No comments:
Post a Comment