နေရောင်ခြည်သည် ကျွန်ုပ်မျက်နှာပေါ်သို့ ၄၅ ဒီကရီအနေအထားမှ လာရောက်ထိတွေ့နေသည့်အချိန်တွင် အိပ်ယာ နံဘေးတွင်ဖွင့်ထားသည့် Bryan Adams ၏ Baby when you gone သီချင်းသံမှာ ရှစ်ကြိမ်မြောက် ထွက်ပေါ် လာခြင်း လည်းဖြစ်သည်။ စူးရှရှ နေရောင်ကို ကာကွယ်နိုင်ရန် ပြတင်းပေါက်ကို ပိတ်မည်အပြုတွင်ပြတင်းပေါက်ဘောင်ပေါ်၌ အိပ်စက်နေသည့် ပေါက်စကြာင့် မူလအစီအစဉ်အား ပြန်လည်တွေဝေနေမိသည်။ ပေါက်စဆိုသည်မှာ အိမ်တွင်မခေါ်ဘဲရောက်လာသည့် ကြောင်ပေါက်စ ကလေးဖြစ်သည်။ ထူးထူးခြားခြားဖြစ်မည့် နာမည်အမျိုးမျိုးး စဉ်းစားခဲ့သော်လည်း နောက်ဆုံးတွင် ပေါက်စဟူသည့် အမည်နာမသည်သာ သူ့အတွက် ကိုယ်ပိုင် အမှတ်တံဆိတ်ဖြစ်လာခဲ့သည်။ ကျွန်ုပ်သည် ကြောင်အလွန်ချစ်တက်သူ မဟုတ်သော်လည်း ကြောင်အလွန်ချစ်တတ်သည့် နာမည်လေးလုံးနှင့် ကောင်မလေးတစ်ယောက်အား အလွန်စွဲလမ်းခဲ့ဖူးပါသည်။ ပေါက်စအား အသာတကြည် ပွေ့ချီယူရန် အနားကပ်ချိန်တွင်….. ပြတင်းပေါက်ဘောင်ပေါ်မှ ခုန်ဆင်းသွားပြီဖြစ်သည်။
ထိုကြောင့်ပင် ကြောင်အလွန်ချစ်တတ်သည့် ကောင်မလေး၏ ပုံရိပ်လွှာအချို့သည် ပြတင်းပေါက်မှ နေရောင်ခြည် ကဲ့သို့ပင် အတွေးအာရုံထဲတွင် စူးစူးရှရှဝင်ရောက်လာသည်။ မည်သို့မေ့ပျောက်ရပါအံ့။ ယင်းသို့ဖြင့် ပြတင်းပေါက်ဘောင်ပေါ်တွင် လက်တင်၍ အတိတ်၏အရိပ်များထဲတွင် ပြန်လည်စီးမျောနေချိန်တွင်
ဆောင်းဘောက်မှ ဘရွိင်ရန် အာဒမ်၏ သီချင်းသံမှာကိုးကြိမ် မြောက် ထပ်မံထွက်ပေါ်လာခဲ့သည်။ မှန်ပါသည်။ ကျွန်ုပ်သည် အရာရာတွင် နှေးကွေးလေးလံလွန်းသည်။ အရာရာတွင် သူများနောက်မှ နောက်ကျနေတက်ခြင်းမှာလည်း ကျွန်ုပ်၏ ကိုယ်ပိုင်အမှတ်တံဆိပ်ကဲ့သို့ပင်။ ယခုဖွင့်လျက် နားထောင်နေသည့် baby when you gone သီချင်းသည်ပင် လွန်ခဲ့သည့် အနှစ် နှစ်ဆယ် (၁၉၉၈) ခုနှစ်တွင် နာမည်ကြီးခဲ့သည့် သီချင်းဖြစ်သော်လည်း ၂၀၁၈ နှောင်းပိုင်းရက် များတွင် ကျွန်ုပ်နားထောင်ဖြစ်ခဲ့သည်။ ထို့အတူ ယခုဖတ်လက်စ ဝေးလွင့်ကင်းကွာ နှစ်တစ်ရာဆိုသည့် ဆရာသင့်လူ၏ ဘာသာပြန် စာအုပ်ကိုလည်း ဒုတိယ အကြိမ်ပြန်လည်ထုတ်ဝေမှသာ သိခွင့်ရခဲ့သည်။ စိုင်းထီးဆိုင် သီချင်းများ၊ ခင်မောင်တိုး သီချင်းများ၊ ထူးအိမ်သင် သီချင်းများကိုလည်း ခံစားတက်ခဲ့သည်မှာ နောက်ကျခဲ့သည်ဟု ထင်သည်။ နောက်ကျခဲ့သမျှတွင် ကြောင်အလွန်ချစ်သည့် နာမည်လေးလုံးနှင့် ကောင်မလေးအား “ငါ နင့်ကို ချစ်တယ်”ဟု ကျွန်ုပ်ပါးစပ်မှ တစ်ထောင့်ငါးရာတန်ဖုန်းဖြင့်မဝင့်မရဲ ဖွင့်ပြော ခဲ့ချိန်သည် အစစ အရာရာ နောက်ကျခဲ့ပြီဖြစ်သည်။
နောင်တဆိုသည်မှာ နောင်မှရ၍ နှစ်ထပ်ရှိမှ မှတ်မိသည်ဟု မှတ်သားမိပါသည်။ သို့သော်လည်း အမှတ်သညာ မရှိသည့် ကျွန်ုပ်သည် နောက်ကျမြဲ၊ နောက်ကျဆဲ။ အကြိမ်အကြိမ်အထပ်ထပ် မည်မျှပင်ရှိစေကာမူ မှတ်မိနိုင်သည့် မှတ်ညာဏ်သည် ကျွန်ုပ်တွင်ရှိမနေခဲ့ပေ။ လည်ပင်းဖက်၍ပေါင်းလာခဲ့ကြသည့်
ငယ်ပေါင်းများသည်ပင် အခြေတကျဖြင့် အနေလှသူလည်း လှနေပြီ ဖြစ်သည်။ တစ်ခရီးတည်းသွား၍ တစ်လှေတည်းစီးကြသူများကိုပင် လက်လှမ်း၍မမှီနိုင်တော့။ အမှန်တကယ် လက်တွေ့ဘဝတွင် ကြောင်စီစီမျက်လုံး၊ မထုံတက်သေး အမူအရာများမှာ များစွာအသုံးကျလှသည့် အရာများမဟုတ်ပေ။ အသိပညာတို့မည်သည် မည်မျှပင် ရှိစေဦးတော့ အသုံးပြုတန်ဖိုးမရှိလျှင် ဘာမှအရာမဝင်သကဲ့သို့ပင် ချစ်ခြင်းမေတ္တာသည်လည်း မည်မျှပင် ရင်ဘက်ပေါက်လုမတက် ရှိစေကာမူ အပြန်အလှန်မရှိပါက အချည်းနှီးပင်ဖြစ်သည်မဟုတ်ပါလေ။ သို့သော် ကျွန်ုပ်သည် အိပ်ယာထနောက်ကျခြင်းကို ယနေ့ ထက်တိုင် ပြုပြင်ရန်မကြိုးစားခဲ့ပါ။ အချိန်သည်
ကမ္ဘာကြီးကဲ့သို့ပင် ဝိုင်းကြီးပတ်ပတ် ဒူဝေဝေလှည့်လည်တတ်သည်ဟု စာအုပ်များ မှ မှတ်သားသိရှိရခဲ့ဖူးပါသည်။ အကယ်၍ အချိန်ရထား တစ်ပတ်ပြည့်ချိန်နှင့် ကြုံကြိုက်လာလျှင် သူမ နဖူးပြင်အား နှုတ်ခမ်းများဖြင့် ထိတွေ့ခွင့်တော့ ရရှိနိုင်ပါလိမ့်မည်လေ။ အရေးကြီးသည်မှာ မျှော်လင့်ချက်များ သေဆုံးမသွားရန်ပင်ဖြစ်သည်ဟု လုံးဝဥသုံ ယုံကြည်မိပါသည်။
ရှေ့ရောက်သောသူနှင့် နောက်မှရောက်သောသူသည် အတူတူပင်ဖြစ်သည်ဟု သမ္မာကျမ်းစာက ဆိုပါသည်။ "ထိုသူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်ရလတ္တံ" ဟူ၍ ဆိုပါသည်။ အရေးကြီးသည်မှာ ခရီးဆုံးထိ လမ်းမလွဲရန်သာ။ ခရီးမဆုံးမီ အလံမလှဲရန်သာ၊
ကိုယ့်ပန်းတိုင်ကိုယ်သိရန်သာ မဟုတ်ပေဘူးလား။ အပြေးပြိုင်ပွဲ တစ်ခုတွင် ဖြေးဖြေးနှေးနှေးခရီးနှင်ခြင်းဖြင့် လျှင်မြန်ဖျတ်လတ်သည့် ယုန်အားအနိုင်ယူခဲ့သည့် လိပ်သူရဲကောင်းပုံပြင်ကိုလည်း နားရည်ဝခဲ့လိမ့်မည်။ ထိုမျှ ရိုးရှင်းသည့် လူ့လောကသည် လူတို့၏ လောဘ၊ မောဟ၊ ဒေါသများကြောင့် ရှုပ်ထွေးရမြဲပင်။ ကောင်းရေးထက် မြန်ရေးက အရေးကြီးတတ်သည်။ မနက်ခင်း အလုပ်နောက်မကျရန် ပြေးရသည်။ ဝမ်းတစ်ထွှာအရေးအတွက် ပြေးရသည်။ အောင်မြင်မှုအတွက် ပြေးရဦးမည်။ ပေါင်းသင်းဆက်ဆံရေး တည်မြဲနိုင်ရန်၊ နာမည်ကောင်း ရရှိရန်၊ ထင်ပေါ်ကျော်စောရန်၊ ရာထူးတိုးရန်၊ မျက်နှာမပျက်ရန်၊ လူပေါ်လူဇော်လုပ်ရန်၊ သူတစ်ပါးအောက် ဦးမကျို့ရန်ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ ပြေးကြရသည်။ ဘဝသည် မာရသွန်ပြေးပွဲနှင့်မတူ တာတိုးပြေးပွဲနှင့်ပင် တူနေတော့သည်။ မြန်ရမည်၊ မှန်ဖို့တော့ လိုချင်မှ လိုပါလိမ့်မည်။ နောက်ကျသည့် ခြေထောက်သည်ပင် သစ္စာဖေါက်ဟု ယိုးစွပ်ကြပြီမဟုတ်ပါလား။ အရာရာ တွင်လက်ဦးသူတို့ ကြီးစိုး ကြပြီမဟုတ်ပါလား။ နေ့စဉ်နှင့်အမျှ ပြေးလွားရင်းဖြင့် ဘဝကို ငဲ့စောင်းကြည့်ရန်ပင် မေ့လျော့ခဲ့ရသည်။
ရုတ်တရက် ဝင်လာသည့်ဖုန်းကြောင့် ဖွင့်ထားသည့်သီချင်းသံရပ်တန့်သွားသဖြင့် တွေးလက်စအတွေးများကို ရပ်ကာ ဖုန်းကိုကောက်ကိုင်လိုက်ချိန်တွင် ရုံးမှ အယ်ဒီတာချုပ်၏ ဖုန်းဖြစ်နေသည်။
“ဟလို... အမိန့်ရှိပါခင်ဗျ။”
“ရေဂင်လား။ မနက်ဖြန် ရုံးကို မနက် (၆) နာရီလောက်အရောက်လာခဲ့ပေးပါဦး။ အရေးကြီး ပွဲသွားစရာရှိတယ်။ နောက်မကျစေနဲ့နော်”
“ ဟုတ်ကဲ့ပါ အကို”
ခြေထောက်အောက်တွင် ရောက်နေသည့် ပေါက်စကိုကြည့်တော့ တစ်ညောင်ညောင်ဖြင့် အစာတောင်းနေရှာသည်။ နာရီကြည့်လိုက်ချိန်တွင် မနက် (၁၀း၃၀) ပင်ရှိနေပြီ။ သူလည်း ဆာလှပြီထင်ပါသည်။ ကျွန်ုပ်လည်း ဗိုက်ဆာလှပြီ။ မနက်စာပင် မစားသေးသည့် ကိုယ့်အဖြစ်ကို ပြန်လည် သတိဝင်လာကာ ကောက်ရကို ပွေ့ချီလျက် မီးဖိုချောင်ထဲ ထွက်လာခဲ့ပါတော့သည်။

No comments:
Post a Comment