Saturday, March 12, 2022

ကျော်ထွန်း

 

        




ကိုကျော်ထွန်းဆိုရင် ဒီရပ်ကွက်ထဲမှာတော့ မသိတဲ့သူမရှိသလောက်ပဲ။ ဒါပေမယ့် ကျော်ထွန်းဆိုပြီး နာမည်နဲ့လူတွဲအပ်သိတာတော့ မဟုတ်ဘူးပေါ့။ သူ့ရဲ့ ဆံပင်ရှည်ကြောင့် ကိုဆံရှည်ဆိုပြီး အရပ်ထဲမှာ လူသိကြတာ။ နောက်ပြီး သူက နာမည်ခပ်များများရယ်။ များဆို အဖေပေးတဲ့ မူရင်းနာမည် ကျော်ထွန်း၊ အရပ်ထဲမှာတော့ ဆံရှည်၊ အဲ့ စျေးထဲရောက်သွားရင်တော့ ကိုထွန်း ဆိုပြီးဖြစ်သွားပြန်ရော။ ဒီလို နာမည်တွေ များနေတာကလည်း သူ့အတွက်တော့ ဘာအရေးမှ ကြီးလှတယ်လို့ မဟုတ်ပါဘူး။ သူကတော့ ဘယ်လိုခေါ်ခေါ် ခေါ်ရင်ထူးမယ်၊ ခိုင်းရင်လုပ်ပေးလိုက်တာပဲ၊ ကျွေးရင်လည်း ငြင်းတယ်လို့မရှိဘူး။  ဘာမှလည်း သိပ်ပြီး အလေးအနက်ထားတယ်လို့မရှိပါဘူး။ သူလုပ်တဲ့အလုပ်ကတော့ အစုံပဲ။ ကုန်ထမ်းတယ်၊ မီးပြင်တယ်၊ အိမ်သာကျင်းတူးတယ်၊ သစ်ပင်ခုတ်၊ မြက်ရှင်း ဗာဟီရအလုပ်တွေ အကုန်လုပ်တာပဲ။ လစာလည်းမရှိသလို သူ့ကို အလုပ်ခိုင်းရင် ဘယ်လောက်တောင်းတယ်လို့လည်းမရှိဘူး။ မေးရင်လည်း သွားဖြီးပြပြီး “ကြည့်ကောင်းသလို ပေးပါဗျာ” ဒါလောက်ပဲပြောတာ။ သူ့ကိုပေးတဲ့ လုပ်အားခ နည်းတယ်လို့ ဘယ်တုန်းကမှလည်း အထွန့် တက်တယ်လို့လည်း မကြားမိဘူး။

ဆွေမရှိ၊ မျိုးမရှိ တစ်ကောင်ကြွက်လိုနေနေတဲ့ ကိုကျော်ထွန်းအိမ်က ကျွန်တော်နေတဲ့ အိမ်နဲ့ဆို တစ်လမ်းတည်း။ တစ်လမ်းတည်းဆိုပေမယ့် လမ်းရဲ့ အစွန်နှစ်ဘက်မှာ။ ကိုကျော်ထွန်းအိမ်က ပျဥ်ထောင်အိမ် အဟောင်းကလေး။ ဒါပေမယ့် ကိုယ်ပိုင်အိမ်ဆိုတော့ သူ့အတွက်က ခံသာတယ်ပြောရမယ်ထင်ပါတယ်။ သူက တိရိစ္ဆာန်တော့ အတော်ချစ်တတ်တာ။ လမ်းမှာရှိတဲ့ ပိုင်ရှင်မဲ့ ခွေးတွေ ကိုကျော်ထွန်းအိမ်မှာ သုံးလေးကောင် အနည်းဆုံးရှိနေတတ်တယ်။ သူက ဒီလိုပဲ ထမင်းတွေကျွေးတာဆိုတော့ သူ့ခွေးလိုကို ဖြစ်နေတာ။ နောက်ပြီး ကိုကျော်ထွန်းက ဂီတာတော့ အတော် အတီးကောင်းတာ။ သီချင်းတော့ ကောင်းကောင်းမဆိုတတ်ပြန်ဘူး။ ဆိုလိုက်ရင်လည်း ကီးကြောင်နေရော။ တစ်ခါတစ်လေတော့ ကျွန်တော်တို့ လူငယ်တွေ ညဘက်ဂီတာဝိုင်းကို ကိုကျော်ထွန်း တစ်ယောက် မထင်ရင်မထင်သလို ရောက်ချလာတတ်တယ်။ သူဂီတာစကိုင်ပြီဆိုရင် အရင်ဆုံးတီးတာက ဖိုးချို့ ညှို့မျက်ဝန်း၊ အက်စ်ဂဲနက်ရဲ့ ရင်သို့တိုးဝှေ့ဆဲပါခိုင်၊ နောက်တော့ ဗဒင်ရဲ့ နေရာ။ ဒီသုံး ပုဒ်တီးပြီးမှာ ကျွန်တော်တို့ ဆိုချင်တဲ့သီချင်း တီးခိုင်းလို့ရတာ၊ အဲ့သီချင်းသုံးပုဒ်ကတော့ သူ့ရဲ့ မူပိုင်ပဲ။ နောက်ပိုင်း ကျွန်တော်တို့တောင် သူမပါရင် အဲသီချင်းတွေ မဆိုဖြစ်တော့ဘူး။ ဒီသီချင်းတွေက သူတီးပြီးဆိုလိုက်ရမှ အရသာ ထူးပြီးရှိလာသလိုလိုတောင် ဖြစ်သွားတာ။

            ကိုကျော်ထွန်းဆိုတာကတော့ လူပျိုကြီး၊ အသက်က လေးဆယ်ဝန်းကျင်လောက်၊ ညှင်းသိုးသိုး ဆံပင်ရှည်ကြီးတွေက ကောက်လိမ်ပြီး ကျဲတဲတဲ။ မျက်နှာက သေးသေးရှည်ရှည်၊ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး။ သူက ဆံပင်သာ မညှပ်တာ ရှိမယ် နှုတ်ခမ်းမွေးတို့ မုတ်ဆိတ်မွးတို့ကျတော့ အမြဲရှင်းလို့။ ကွမ်းနဲ့ ပါးစပ် ပြတ်တယ်လို့ မရှိသလောက်ပဲ။ ရယ်လိုက်ရင်ဖြစ်ဖြစ်၊ ပြုံးလိုက်ရင်ဖြစ်ဖြစ် သွားတွေက ကွမ်းချေးတွေနဲ့ မည်းညစ်ညစ်ကြီး။ သူ့ကြည့်လိုက်ရင် အမြဲပျော်ပျော်ပဲ။ ဘယ်တော့မှ စိတ်ဆိုး ဒေါသထွက်တယ်လို့ မရှိဘူး။ တစ်ခါတစ်လေ ကလေးတွေနဲ့ လမ်းပေါ်မှာ ကော်ဘောလုံးတွေ ကန်ရင်ကန်နေတာ။ နေ့လည်နေ့ခင်းဆို ရပ်ကွက်ထိပ်က ဆုံဆည်းရာ လက်ဖက်ရည်ဆိုင်မှာ စကိုင်းနက်က ပြတဲ့ ဗမာကားတွေ ကြည့်နေတတ်တယ်။ သူကတော့ လက္ဘရည်သောက်တာမဟုတ်ဘူး။ ရေနွေးကြမ်းလောက်ပဲ သောက်တာ။ အလှူရှင်ပေါ်ရင်တော့ ချိုဆိမ့်သောက်တတ်တယ်။

            တစ်ရက် ကျွန်တော်တို့ အိမ်နံရံဆေး အသစ်ပြန်သုတ်တော့ တခြားလည်း ခေါ်စရာလူမရှိတာနဲ့ ကိုကျော်ထွန်းကိုပဲ ခေါ်လိုက်ရတယ်။ အိမ်ဆေးသုတ်တော့ ကျွန်တော်နဲ့ နှစ်ယောက်တည်း သူကတော့ ကွမ်းစားနေတဲ့ ပါးစပ်နဲ့ သီချင်းကလေး တကျော်ကျော်၊ နားတယ်လို့ကိုမရှိဘူး။ အမေကိုယ်တိုင်လာပြီး “ကိုထွန်း တော်တော့ ထမင်းလေးစားဦး” “လက်ဖက်ရည်သောက်ဦး” ပြောယူရတယ်။ သူအလုပ်လာကူတဲ့ သုံးရက်ကို ကွမ်းယာ၊ ဖက်ကြမ်း၊ ပြတ်လို့မရဘူး။ အလုပ်ပြီးတော့ အမေက သူ့ကို ဘယ်လောက်ပေးလိုက်လဲတော့မသိဘူး အဲည ကိုကျော်ထွန်းတစ်ယောက် အဖြူဆိုင်ကို ဆိုက်ဆိုက်မြိုက်မြိုက်ပဲ။ အဲ ကျန်ခဲ့လို့ အလုပ်လာကူတဲ့ သုံးရက်လုံး ညစာ စားပြီးတိုင်း သူ့အိမ်က ခွေးတွေကျွေးဖို့ဆိုပြီးတော့ အမေ့ဆီက ထမင်းကျန်၊ ဟင်းကျန်လေးတွေ တောင်းပြီး ကျွတ်ကျွတ်အိတ်နဲ့ သယ်သယ်သွားသေးတာ။

             ထူးဆန်းတာတစ်ခုကတော့ ကိုကျော်ထွန်းမှာ ဖျားတယ်၊ နာတယ်လို့ တစ်ခါမှ မတွေ့ဖူး၊ မကြားဖူးဘူး။ ကျွန်တော်တို့ ညဘက် ဂီတာဝိုင်းထဲ ရောက်လာတော့ အရက်ကလေး တိုက်ပြီး သူ့ဘဝ အတိတ်ဇာတ်ကြောင်း လေးဘာလေး နည်းနည်း နှိုက်ကြည့်ပေမယ့် အချည်းနှီးပဲ။ မေးလိုက်တိုင်း ဟိုလိုလို ဒီလိုလိုနဲ့ ရောရောချတာ။ ဆုံဆည်းရာ လက်ဖက်ရည်ဆိုင်က ကိုဝေဖြိုးပြောပြသလောက်ဆိုရင်တော့ ကိုကျော်ထွန်းငယ်ငယ်က (၈)တန်း လောက်တုန်းက သူ့အဖေ ဆုံးသွားတာ။  သူ့အမေကတော့ သူတို့သားအဖ ဒီရပ်ကွက်ထဲကို ရောက်လာချိန် ကတည်းက ဘယ်သူမှ မတွေ့ဖူးကြဘူး။ ဘယ်သူမှလည်း တခုတ်တရကြီး မေးမနေကြတာလည်းပါတယ်။  ကိုကျော်ထွန်း အဖေဆုံးတော့  ကျောင်းနားပြီး ကြုံရာကျပန်းအကုန်လုပ်တယ်။ တစ်ခေါက်ဆို မလေးရှားကို တောင် ပွဲစားတွေနဲ့ချိတ်ပြီး သုံးနှစ်လောက် အလုပ်သွားလုပ်လိုက်သေးတယ်။ ဒါပေမယ့် အလိမ်ခံလိုက်ရတယ်ဆိုလားပဲ။ ပြန်ထွက်ပြေးလာခဲ့တာ။ မလေးက ပြန်ရောက်ပြီးတဲ့ နောက်ပိုင်း စိတ်ကျန်းမာရေး ဆေးရုံကိုလည်း နှစ်ခါလောက် တက်လိုက်ရသေးသတဲ့။  

======

            တစ်ရက် မိုးတွေအရမ်းသည်းတဲ့ ညတစ်ညမှာ ကျွန်တော်တို့အိမ်ရှေ့ကို ရပ်ကွက်လူကြီးတစ်  ယောက် ညကြီးအချိန်မတော်ကြီး ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်ချလာတယ်။ ကျွန်တော်ကတော့ အခန်းထဲမှာ  ရွှေဥဒေါင်းရဲ့ ဝတ္ထုဖတ်ကောင်းနေတုန်းပဲ။ အမေ အခန်းတံခါးကို လာခေါက်ပြီး ရပ်ကွက်ထဲက လူငယ်တွေကို အခေါ်ခိုင်းတာ။ ရုတ်တရက်ကြီးလည်းဖြစ် မိုးကလည်း သည်းသည်းမဲမဲရွာနေတာဆိုတော့ ကျွန်တော်  ယောင်တိယောင်နနဲ့ ရပ်နေတုန်း ရပ်ကွက်လူကြီးက မင်းတို့ရဲ့ ကိုဆံရှည်ကြီး ထဖေါက်ပြန်ပြီကွာ တဲ့။

            ကျွန်တော်လည်း မိုးကာအင်္ကျီလေးဝတ်၊ စက်ဘီးထုတ်ပြီး ရပ်ကွက်ထဲက ဘော်ဒါတွေ ပတ်ခေါ်လိုက်တယ်။ ကျွန်တော်တို့ လူငယ်တစ်သိုက် ကိုကျော်ထွန်းအိမ်ကိုရောက်တော့ ကိုကျော်ထွန်း တစ်ယောက် သူ့အိမ်ကို  မိုးရေထဲမှာ ငှက်ကြီးတောင်ကြီးကိုင်ပြီး ပါးစပ်ကလည်း သူ့ဆီကတစ်ကြိမ်တစ်ခါမှ မကြားဖူးတဲ့ ဖရုဿဝါစာ စကားလုံးတွေ လှိုင်လှိုင်ကြီးသုံးလို့။ သူ့အိမ်ရှေ့မှာလည်း အသက်သွေးအလိမ်းလိမ်းနဲ့ အသက်ငင်နေတဲ့ ခွေးနှစ်ကောင်က ကူကယ်ရာမဲ့။ မိုးထဲရေထဲမှာ အသိစိတ်တွေ လွတ်နေတဲ့ ကိုကျော်ထွန်းကို ကျွန်တော်လည်း တုံဏိဘာဝေငေးနေမိတယ်။ လမ်းပေါ်မှာ လူတွေအုံကြွနေ ပေမယ့်လို့ ဘယ်သူမှ သွားပြီး ဖြန်ဖြေတာ၊ ဆွဲတာ၊ ထိန်းတာတို့မလုပ်ကြဘူး။ အကုန်လုံးက ဒီအချိန်မှာ ဇာတ်စဉ်အောက်က ပွဲကြည့် ပရိသတ်တွေ သက်သက်ပဲ။     နောက်တော့ ကိုကျော်ထွန်းတစ်ယောက် လက်ထဲက ငှက်ကြီးတောင်ကို လွှတ်ချပြီး တစ်ချုံးချ ထိုင်ငိုတော့တာ။ အဲတော့မှာ ကျွန်တော်လည်း ငှက်ကြီးတောင်ဓါးကို အမြန်ပြေး ကောက်လိုက်ရတယ်။ ကိုဝေဖြိုးနဲ့ စျေးထဲက ကုန်စိမ်းသည် မိန်းမကြီးတွေတချို့ ကိုကျော်ထွန်းအနားကပ်ပြီး သွားချော့ကြတယ်။ ရပ်ကွက်လူကြီးကတော့ လမ်းထဲကို ရဲတွေ ဘယ်တော့ရောက်မလဲ လည်တဆန့်ဆန့်ပဲ။  တစ်သက်လုံး တပြုံးပြုံးတရယ်ရယ်လုပ်နေတဲ့ ကိုကျော်ကြီးက တော့ ရှိုက်ကြီးတငင်ငိုလို့။

            ရဲတွေရောက်လာပြီး ကိုကျော်ထွန်းကိုခေါ်သွားကြတော့ ဘယ်သူမှ မျက်နှာမကောင်းကြဘူး။ မိုးက ဆဲသွားပြီဆိုပေမယ့် မိုးပေါက်လေးတွေ လေထဲမှာ အနည်းကျဉ်းကလေးတော့ ပါနေတုန်းပဲ။ ရဲကားလေး ရပ်ကွက်ထဲက ထွက်သွားတာကို လူအုပ်ကြီးက စိတ်လက်မအီမသာကြီးနဲ့ ငေးကြည့်နေကြသေးတာ။ လှုပ်စစ်မီးမရှိတဲ့ ကိုကျော်ထွန်းတို့အိမ်ကတော့ အမှောင်အတိဘဲ။ ကျွန်တော်တို့ လူငယ်တစ်သိုက်ကတော့ အသက်ငင်နေတဲ့ ခွေးနှစ်ကောင်ကို အပြတ်ရှင်းလိုက်ကြတယ်။

=========

            အဲသည့်နောက်ပိုင်းမှာတော့ ရပ်ကွက်ထဲမှာ ကိုဆံရှည်လို့ခေါ်တဲ့ ကိုကျော်ထွန်းအကြောင်း အရင်ကထက် ပိုပြီးလူပြောသူပြောများလာတယ်။ လက်ဖက်ရည်ဆိုင်ထိုင်ရင်ပဲဖြစ်ဖြစ်၊ စျေးထဲမှာ အမေစျေးရောင်းတာ သွားကူရင်ပဲဖြစ်ဖြစ် ကိုကျော်ထွန်းအကြောင်း မကြားချင်မှအဆုံးပဲ။ ကိုကျော်ထွန်း ဘယ်လို အစွဲအလမ်း ကြီးတဲ့ကြောင်း၊ ဘယ်လောက် စိတ်ရှည်တဲ့ကြောင်း၊ ဘယ်လောက် ရိုးသားတဲ့ကြောင်းတွေပေါ့။ မရှိတော့မှ ကြသူတွေအများသားပဲ။ အထူးသဖြင့်ကတော့ အမေပေါ့။ ခါတိုင်း သီရိမင်္ဂလာစျေးက ပြန်လာရင် ဝယ်လာတဲ့ ကုန်ခြောက်တွေ သယ်ရပြုရတာ၊ ညဆိုင်သိမ်းတာကစလို့ ကိုကျော်ထွန်းက မရှိလို့မဖြစ်ဘူး။ အိမ်မှာကလည်း ခိုင်းစရာလူကမရှိ။ ဆိုတော့ ညဘက် ဆိုင်သိမ်းလို့ စာရင်းတွက်နေရင်းနဲ့လည်း ကိုကျော်ထွန်းကို တဖွဖွပြောနေ ရှာတာ။

            ကျွန်တော်ကြားမိသလောက်ဆိုရင်တော့ ကိုကျော်ထွန်းတို့က အောက်ထားဝယ်ဘက်ကလာတယ်  ပြာကြတာပဲ။ လာတုန်းက သားအဖနှစ်ယောက်တည်းပဲ။ သူတို့အိမ်ကို ဆွေမျိုးသင်္ဂဟရယ်လို့ လာလည်တဲ့ သူဘယ်တုန်းကမှ မရှိခဲ့ဘူး။ သူရောက်တော့ ကျွန်တော်တောင် မွေးသေးတာမဟုတ်ဘူး။ သူ့အဖေက အရင်ကတော့ ငါးဖမ်းလှေသူကြီးဆိုလားပဲ။ နောက် ရန်ကုန်ရောက်တော့ လိုင်းကားစပယ်ယာ လုပ်တယ်။ ကြာလာတော့ လိုင်းကားမောင်းပေါ့။ အဖေတစ်ခု သားတစ်ခုပဲ။ ကိုကျော်ထွန်းက ငယ်ငယ်တုန်း ကတော့ ကျောင်းမှာ စာသိပ်တော်တာလို့လည်းပြောကြတယ်။ နှစ်တိုင်းဆုတွေရတယ်ဆိုလားပဲ။ ပြီးတော့ သူ့အဖေက အရက်မဆိုထားနဲ့ ဆေးလိပ်တောင်မသောက်တတ်တဲ့ တကယ့်လူရိုးလူအေးကြီး။ ကံမကောင်းချင်တော့ ကားမတော် တဆဖြစ်ပြီး ဆုံးသွားတာ။

            ကိုကျော်ထွန်းအဖေဆုံးတော့ ကိုကျော်ထွန်းက ရှစ်တန်းလားပဲရှိသေးတယ်။ သူ့ကို သူ့အဖေရဲ့ ကားအုံနာကြီးက ကျောင်းဆက်ထားမယ်လို့ ပြောပြီး နောက်ပိုင်း ဘယ်တော့မှ ပေါ်မလာတော့ဘူး။ ဒီလိုနဲ့ ကိုကျော်ထွန်းကျောင်းထွက် ကြုံရာအလုပ်လုပ်တယ်။ ဆိုက္ကားနင်း၊ ပန်းရံ၊ စပယ်ယာလိုက် အလုပ်ကြမ်း တွေလည်းစုံလို့။ တစ်ရက် မလေးရှားသွားတာတွေ ခေတ်ထတော့ သူ့အိမ်မြေတစ်ခြမ်းကို ရောင်းပြီး မလေးရှားသွားသေးတာ။ အဲသည့်ပွဲစားကြီးပြောတော့ စက်ရုံမှာအလုပ်ရမယ်။ ခြောက်လဆိုရင် အကြွေးကျေပြီး နောက်သုံးနှစ်ဆိုရင် စီးပွားရေးလုပ်ဖို့ အရင်းအနှီးလုံလုံလောက်လောက်ရမယ်ဆိုပြီး ရပ်ကွက်ထဲက လူငယ်သုံးလေးယောက်ထွက်သွားလိုက်တာ နောက်သုံးနှစ်အကြာမှာ ကိုကျော်ထွန်း တစ်ယောက်ပဲ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ရပ်ကွက်ထဲကို ပြန်ရောက်လာတယ်။ ကျန်တဲ့သူတွေကတော့ ဘာသတင်း အစအနမှ မရတော့ဘူး။

            မလေးရှားမှာ ကိုကျော်ထွန်းဘာတွေ လုပ်ခဲ့လဲ၊ ဒီကိုဘယ်လိုပြန်ရောက်လာခဲ့လဲဆိုတာတော့ ဘယ်သူမှ မသိကြတော့ဘူး။ ဘယ်လိုမေးမေး ခါးခါးတူးတူးငြင်းတော့တာပဲတဲ့။ ရောက်စတုန်းကဆိုရင် စကားလုံးဝ မပြောဘူး။ နောက် ညတစ်ညမှာ အရင်ညတုန်းကလိုပဲ။ ငှက်ကြီးတောင်ကြီးကိုင်ပြီး သောင်းကြမ်းတော့တာပဲ။ ဒီလိုနဲ့ စိတ္တဇဆေးရုံကိုရောက်တာ ဒီတစ်ခါနဲ့ဆိုရင် သုံးခါရှိပြီ။ ဒါကတော့ နောက်ပိုင်း ကျွန်တော်ကြားမိသမျှ ကိုကျော်ထွန်း အကြောင်းပဲ။

======

            ကျွန်တော် ကျောင်းပထမနှစ်ဝက်ပြီးတော့ အမေ့ကို စျေးရောင်းကူရင်းနဲ့ အမေနဲ့ စျေးထဲက စျေးသည် တွေ  ကိုကျော်ထွန်းအကြောင်းပြောကြရင်း ပိုက်ဆံလေးနည်းနည်းစုပြီး ကိုကျော်ထွန်းကို အားလုံးကိုယ်စား ကျွန်တော့်ကို သွားကြည့်ပေးဖို့ ပြောကြလို့ ကျွန်တော်ရယ်၊ လက်ဖက်ရည်ဆိုင်က ဦးဝေဖြိုးရယ် နှစ်ယောက်သား ရွာသာကြီးကိုလစ်လာခဲ့ကြတယ်။ ရပ်ကွက်ထဲကလူတွေ စုပြီးပေးလိုက်တဲ့ ပိုက်ဆံတွေ၊ မုန့်ပုံးတွေကို အဲသည့်က ဆရာဝန်ကိုပဲ ပေးခဲ့လိုက်တယ်။ ကိုကျော်ထွန်းနဲ့တွေ့တော့ ကိုကျော်ထွန်းကြီး ကတုံးဆံတောက်ကေကြီးနဲ့ တစ်သက်တစ်ကိုယ် ဆံပင်ရှည်နဲ့နေလာတဲ့ ကိုကျော်ထွန်းကို ဂတုံးဆံတောက် ကြီးနဲ့ တွေ့ရတော့ ကျွန်တော်ရော ဦးဝေဖြိုးကြီးကို တစ်ယောက်ကိုတစ်ယောက်  ပြုံးနေလိုက်ကြသေးတာ။ ဒါပေမယ့် ကျွန်တော်တို့ အပြုံးက ကြာကြာမခံပါဘူး။ ဦးဝေဖြိုးကြီးရော ကျွန်တော်ရော နှစ်ယောက်သား ဝမ်းသာအယ်လဲနှုတ်ဆက်နေပေမယ့် ကိုကျော်ထွန်းကတော့ ကမ္ဘာတစ်ဘက်ခြမ်းကလူတစ်ယောက်လို။ ကျွန်တော်တိို့ကို တစ်ခါမှ မတွေ့ဖူးတဲ့ ဂြိုလ်သားတွေလို  ငေးလို့…….

Wednesday, February 13, 2019

ရန်ကုန်







စားစရာမလိုပါ
ကြွားစရာတော့ လိုအပ်ပါသည်။

ယောကျာင်္းမှန်က ယာဉ်မောင်းတတ်မှ
မိန်းမ မှန်က စာရင်းကိုင်တတ်မှ။

အလုပ်အကိုင် ရာထူးကောင်းရရှိရန်
ဘာညာ သာရကာ သိစရာမလို
ဘယ်သူဘယ်ဝါ သိရန်သာလိုသည်။

ပြည်သူပိုင် အားကစားကွင်းများအား
ကုန်းကျော်တံတားများအောက်တွင် တွေ့နိုင်၏။

နေဝင်နေထွက်သည်
တနင်္ဂနွေနေ့တွင်သာ ရှိပါသည်။

Taxi စီးနိုင်သည့် လူတန်းစားဆိုသည်မှာ
ရုံးချိန်အတွင်း သွားလာနေရသူကို ဆိုလိုပါသည်။

အရက်ဆိုင်များ ရောင်းကောင်းရန်အလို့ငှာ
အရပ်ပိုင်များ ကင်းလှည့်နေကြ၏။

တန်းဖိုးနည်း အိမ်ယာများရှိပါသည်
ကျော်တစ်ခင်းစာ တစ်လ (၄၀၀၀၀)ကျပ်ဖြင့်။

ဘွဲ့ရတစ်ဦး တစ်လဝင်ငွေမှာ တစ်သိန်းခွဲဖြစ်၍
လမ်းဘေးဈေးသည်တစ်ဦး၏ (၁၀)ရက်စာ ဝင်ငွေနှင့် အတူတူပင်ဖြစ်သည်။

လူဦးရေ ငါးသန်းအနက်တွင်
မိတ်ဆွေ ငါးဦးသာ ရှိနေသည့် မြို့တော်ဖြစ်ပါသည်။

ဗန်ခိုင်မှိုင်း

ကြွက်​ပုံပြင်



ဒီမီးဘယ်သူပဲ ရှို့ခဲ့ရှို့ခဲ့
လောင်နေတဲ့မီးကတော့ အရှိန်အဟုန်မပျက်
ဝေဖန်သံတွေ ဆူညံနေတဲ့ လူအုပ်ထဲက
"ဒီမီးက ကြွက်မနိုင်လို့ ရှို့တဲ့  ကျီမီးတဲ့"
"ဒီမီးက ဆပ်ကြွေးတွေ မကုန်နိုင်လို့တဲ့ "
"ဒီမီးကို မရှို့မဖြစ်လို့ ရှို့လိုက်ရတာပါတဲ့"
တစ်ယောက်တစ်ပေါက် အော်နေကြတာပါပဲ
လောင်နေပြီးမှတော့ ဘာကြောင့်လို့ဖြစ်ဖြစ်ပေါ့
ရပ်ကြည့်နေလိုက်ကြရုံပဲမဟုတ်လား။

ရန်သူတော်ငါးပါးအနွယ်ဝင် ဓါတ်ကြီးလေးပါးထဲက
ရှင်တေဇောဟာ သက်ညှာမှုကင်းမဲ့လွန်းတယ်
တဟုန်းဟုန်းထလို့ မာန်ဖီနေလေရဲ့
ကံဆိုလေသူ မောင်ရှင်ကြောင်နက်
စပါးကျီထဲမှာ ကယောက်ကယက်နဲ့
ဒီအချိန်မိုးတွေရွာဖို့ ဆုတောင်းချိန်ပင် မရခဲ့။
ဒါကြောင့် သူဟာ ကောင်းကင်ဘုံကို
အယုံအကြည်မရှိတဲ့သူရယ်လို့
လူအုပ်ကြီးထဲက မျက်မှန်ထူထူနဲ့ လူတစ်ယောက်က ဆိုတယ်။
ကြောင်နက်ရယ်
ငါတို့လည်း ရပ်ကြည့်ရုံက ဘာတက်နိုင်မှာတဲ့လဲ။

ရှင်တေဇောလည်း အမျက်ပြေ
ကျီပိုင်ရှင်လည်း ကျေနပ်ပါစေ
ဒီမီးပူဇော်ပွဲက လက်ခုပ်တီးသူမဲ့လို့
ပြီးခဲ့တာတွေလည်း ပြီးခဲ့ပေါ့
စပါးကျီသစ် ထပ်ဆောက်ရုံလေ။
တွေးလို့မှ မပြီးသေးဘူး
မြေအောက်ထဲမှာတော့ဖြင့် ကြွက်တွေဟာ
ညီလာခံတွေကျင်းပလို့ ဗျူဟာသစ်တွေဆွဲလို့
ဒီသံသရာမှာ ကြွက်တွေဟာ
တစ်ချက်ခုတ်ရင် နှစ်ချက်ပြတ်သတဲ့
စပါးကျီသစ်မှာ ဆန်အသစ်
ရေကန်အသင့် ကြာအသင့်ပဲ။
ငါလည်း လူအုပ်ကြားထဲ့မှာ
ရောယောင်လို့ ပွဲကြည့်ဖြစ်ခဲ့ရုံပါပဲ။ ။

ဗန်​ခိုမှိုင်း
#photo : Google

Sunday, February 10, 2019

စိန်ပန်း


ငယ်ငယ်တုန်းက
ငါတို့နေတဲ့ ရပ်ကွက်အဝင်လမ်းထိပ်မှာ
စိန်ပန်းပင်တစ်ပင်ရှိခဲ့ဖူးတယ်။
ငါ့တို့ရဲ့ ကျောင်းဆင်းချိန်တစ်ချို့မှာ
အဲသည့် စိန်ပန်းပင်ပေါ် တက်ဆော့လို့ မောလာရင်
အောက်က အုန်းမုန့်ခွက်နဲ့ ရေချမ်းစင်က ရေကန်အသင့် ကြာအသင့်ပဲ။
ဆောင်းအကုန် နွေအကူးကာလများမှာဆိုရင်
အကိုင်း ကျွတ်ဆပ်ဆပ် စိန်ပန်းတစ်ပင်လုံး
နီကျင့်ကျင့်ပွင့်ဖတ်တွေနဲ့ ထီးထီးကြီးရဲနေလေရဲ့။
ဒါကြောင့်ပဲ လမ်းထပ်က ကားမှတ်တိုင်ဟာ
စိန်ပန်းလို့ ဖြစ်လာသလား ငါတို့စိတ်မဝင်စားခဲ့ပါဘူး။
ဒီလိုနဲ့ ငါတို့ မြှီးကောင်ပေါက်အရွယ်ရောက်တော့]
မဲဆွယ်ကာလဆိုလား၊ ဘာလားပဲ
လမ်းချဲ့တွင်ရေး စီမံကိန်းလက်ချက်နဲ့
စိန်ပန်းဟာ အမြစ်ကနေ မြေလှန်ခံရရှာတယ်။
မကြာပါဘူး
ငါတို့စိန်ပန်းဟာ အသွင်သစ်နဲ့
စင်တင်တေးဂီတပါ ဘီယာဆိုင်အဖြစ်
ငါတို့ဆီ ပြန်ရောက်လာ။
စည်တစ်ခွက် (၂၀၀၀)၊
ကန်စွန်းရွက်ကြော် (၁၈၀၀)တဲ့
စိန်ပန်းဟာ ငါတို့နဲ့ မသက်ဆိုင်သူဖြစ်လာ။
ဂရမ်းပြာကို ခါးကြားထိုး
အပေါ်အင်္ကျံနဲ့အုပ်၊ ဦးထုပ်ငိုက်စိုက်ဆောင်းလို့
စင်ပေါ်က နီကျင့်ကျင့် ဂါဝင်အတိုကလေးနဲ့
ရင်သားကြွကြွ၊ တင်ပါးလှလှ ကလေးတွေကို
အမှောင်ထဲက မကြည့်မိအောင်
သတိထားနေရတယ်။   ။

ဗန်ခိုမှိုင်း 
photo : caosycosasdecuba

Tuesday, January 22, 2019

ပိတ်ထားတဲ့ ပြတင်းပေါက်



တပ်စုထောင်လို့ ဗိုလ်ထုနဲ့ ချီတက်လာတက်တဲ့ ခြင်တွေသာမရှိခဲ့ရင် ငါ့အနေနဲ့ကတော့ ခေါင်းရင်း က ပြတင်းပေါက်ကို အမြဲပိတ်ထားစရာ ဘာအကြောင်းမှတော့ မရှိပါဘူး။ ဒါပေမယ့်လည်း ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တွေထဲက ခြင်တွေဟာ ထင်မှတ်မထားနိုင်အောင် များပြားလွန်းပြီး အတင့်ရဲ လွန်းပါတယ်။ ဒီခြင်တွေကို မီးခိုးတိုက်ပြီးတစ်မျိုး၊ ခြင်ဆေးခွေနဲ့ တစ်ဖုံ၊ ခြင်ရိုက်တံနဲ့ တစ်ခါ မရိုးနိုင်အောင် နှိမ်နင်းခဲ့ပေမယ့် သူတို့ရဲ့ မျိုးပွားနှုန်းကိုတော့ နေက်ဆုံး ငါတို့တစ်အိမ်လုံး အသိအမှတ် ပြုလို့ အရှုံးပေး လိုက်ရတယ်။ ဒါနဲ့ပဲ ခေါင်းရင်းက ပြတင်းပေါက်ဟာ ရာသက်ပန်နီးပါး အမြဲလို ပိတ်မိလျက်သား ဖြစ်နေတာ ပေါ့။ ဒီလို ပြတင်းပေါက်ပိတ်လိုက်လို့ ခြင်တွေရန်က ဝေးပြီလို့တော့ပြောလို့မရပါဘူး။ ညနေဘက် နည်းနည်းကလေးမှောင်လာပြီဆိုရင်ပဲ ခြင်တွေဟာ နေရာတကာ ဥဒဟို ပျံချင်သလိုပျံပြီး သူတို့ပြုသမျှ နုရတော့တာပါပဲ။ ဒါကြောင့် ငါဆိုရင် ခြင် ဆေးခွေမထွန်းဘဲ အခန်းထဲမှာ နှစ်မိနစ်ုပြည့် အောင်မနနိုင်ဘူး။ ညနေ အလုပ်ဆင်းလို့ အိမ်ရောက်တာနဲ့ ခြင်ဆေးခွေကို အရင်ရှာရတော့တာပဲ။

ငါ့အခန်းက ငါတို့အိမ်​ရဲ့ အ​နောက်​ဘက်ဆုံးအခြမ်းမှာရှိတာ။ အမြဲတမ်းလိုလို ​မှောင်​​နေတတ်​တယ်​။ ကျဉ်းတယ်​လို့ မဆိုသာ​ပေမယ့်​ ကျယ်​တယ်​လို့လည်း မဟုတ်​ဘူး။ အခန်းထဲမှာ​တော့ အဝတ်​လှမ်းစဉ်​တစ်​ခု၊ ကုတင်​တစ်​လုံး၊ စာအုပ်​ဘီဒိုတစ်​လုံး၊ ​လျှော်​စရာ အဝတ်​​တွေထည့်​ဖို့ ​တောင်းတစ်​ခု ဒါပါပဲ။ ​လေဝင်​​လေထွက်​ မရှိဘူးရယ်​။ ​နောက်​ပြီး မျက်​နှာကျက်​က မီးလုံးကလည်း ​ကောင်း​ကောင်းသိပ်​မလင်းချင်​ဘူး၊ ဒါ​ပေမယ့်​ အသစ်​လှဲစရာလိုတဲ့ အဆင့်​အထိ​တော့ မဟုတ်​ဘူး​ပေါ့။ အခန်း​ခြေရင်း တံခါး​ပေါက်​နားမှာ ​ရေခဲ​သေတ္တာ အပျက်​တစ်​လုံးရယ်​၊ ဖိနပ်​စဉ်​တစ်​ခုရယ်​၊ အသုံးမလို​တော့​ပေမယ့်​ လွှင့်​ပစ်​လို့မရ​သေးတဲ့ ပစ္စည်း၊ ပစ္စယ​တွေ ရှိတယ်​။ ​သောက်​​ရေဗူးတစ်​ဗူးရှိတယ်​။ ဒါပါပဲ။ ဘာမှ တန်​ဖိုးကြီး ပစ္စည်းရယ်​လို့​တော့ မရှိပါဘူး။ ငါ့အခန်းထဲ ဝင်​လာရင်​ နည်းနည်း​တော့ ညှင်းသိုးသိုးဖြစ်​လိမ့်​မယ်​။ ဒါ​ပေမယ့်​လည်း ခဏပါပဲ။ ​နောက်​ပိုင်း​တော့ ယဉ်​သွားတာပါပဲ။

          တကယ်တမ်းကျတော့ ငါလည်း အိမ်သိပ်ကပ်တဲ့ကောင်တော့ မဟုတ်ပါဘူး။ တနလာင်္၊ စေနေ ဆိုရင် သူလိုကိုယ်​လိုပါပဲ တစ်နေ့တစ်နေ့ ရုံးတက်ပေါ့။ ရုံးတက်တယ်ဆိုတာကလည်း အခက်သားပဲ မဟုတ်လား။ ကိုးနာရီ အလုပ်စဆင်းဖို့ ခုနစ်နာရီထွက်တဲ့ ကားအမီလိုက်ရတာမျိုးလေ။ အဲသည်လို ခုနစ်နာရီကား အမီလိုက်စီးနိုင်အောင် ခြောက်နာရီခွဲ နောက်အကျဆုံး အိပ်ယာထ ပြင်ဆင် ရတာမလား။ဒါ​တောင်​ အိမ်​မှာ ထမင်းဟင်း​ချက်​​ပေးမယ့်​သူ ရှိ​နေလို့သာ​ပေါ့။ ညနေကျတော့ကော ဘာထူးသေးလဲ။ ရုံးဆင်းပြီး သင်တန်းလေးဘာလေး ပြေးရ သေးတာ။ ဒီလိုမှ မပြေးလဲ ရတဲ့လစာက တက်မလာနိုင်ဘူးလေ။ ထားပါတော့။ ဒီတော့ အိမ်ပြန် ရောက်ရင် ရှစ်ခွဲ၊ကိုးပေါ့။ ထမင်းစား၊ ရေချိုး၊ ခဏနားရင်ပဲ ဆယ်နာရီနားကပ်လို့။ မအိပ်ခင်လေး ဖေ့ဘုတ်သုံးချင်လည်း သုံး၊ တစ်ခါတစ်လေ ဂိမ်းဆော့ရင် ဆော့။ စာအုပ်လေးဘာလေး အပြင်းပြေ ဖတ်တဲ့အခါလည်း ဖတ်ပေါ့။ ဒီလိုနဲ့ ညက ၁၂ နာရီလောက်တော့ အသာလေးပဲ။ ဘယ်မှာ ပြတင်းပေါက်ဖွင့်ချိန်ရတော့လို့လဲ။

          ငါအိမ်က မြောက်ဒဂုံမှာပါ။ အဲ ငါ့အိမ်လို့သာပြောတယ်။ ငါပိုင်တဲ့အိမ်ရယ်လို့တော့ မဟုတ်ရေးချ လုံးဝမဟုတ်ပါဘူး။ အမွေဆိုင်လားဆိုရင်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ငါနေသေးသမျှတော့ ငါ့အိမ်ပဲ ပေါ့။ ငါတို့ရပ်ကွက် လမ်းတွေထဲမှာတော့ တိုက်ပုကလေးတွေ၊ အမြင့်ဆုံးဆို နှစ်ထပ်တိုက်တွေတော့ ရှိတာပေါ့။ ပျဉ်ထောင်အိမ်လေးတွေ၊ တဲအိမ်ကလေးတွေအပြင် အငှါး အိမ်တန်းလျားတွေလည်း ရှိတယ်။ ကားပိုင်တဲ့အိမ်ဆိုလို့ တစ်လမ်းလုံး ဟိုနားတစ်အိမ်၊ ဒီနားတစ်အိမ်လောက်ပါပဲ။ တစ်ရပ်ကွက်လုံး မှာမှ လေးငါးအိမ်လောက်ပါပဲ။ ရပ်ကွက်ထဲက အများစုကတော့ ကော်လံပြာဆိုတဲ့ လူတန်းစားတွေ အများစုပါပဲ။ သူတို့ကို သူတို့ ခေတ်ပညာတက်လို့ ပြောပြောနေတဲ့ လူလတ်တန်းတွေလည်း အနည်း ကျင်းတော့ရှိပါတယ်။ ငါကတော့ ဒီရပ်ကွက်ထဲမှာ အသားကျနေပါပြီ။ ရပ်ကွက်ထဲက နောက်ပေါက် ချာတိတ် ပေဘိကလေးတွေကလွဲရင် မျက်မှန်းတမ်း မမှတ်မိတဲ့သူက ရှားပါတယ်။ တစ်ခြားရပ်ကွက်က ပြောင်းလာတဲ့သူ တစ်ချို့တစ်လေက လွဲရင်ပေါ့။ ငါ့ ခေါင်းရင်းက ပြတင်းပေါက်က မှန်ပြတင်းပေါက်ဆို တော့ ခေါင်းရင်းအိမ်ကို လှမ်းမြင်ရတယ်။ ခေါင်းရင်းအိမ်ဆိုတာက အခုဏက ငါပြောတဲ့ ကားပိုင်တဲ့အိမ် လေး၊ ငါး အိမ်ထဲက တစ်အိမ်။ ခေတ်ပညာတက် လူလတ်တန်းထဲကလို့တော့ ထင်ရ တာပဲ။ တစ်ခါတစ်လေဆို အဲသည်အိမ်က မုန့်တွေ၊ ဟင်းတွေ လာလာပို့တက်တယ်။

          အရင်ကဆိုရင် ငါ အဲသည်လို အမြဲတံခါး ပိတ်နေတတ်တဲ့သူတော့ မဟုတ်ပါဘူး။ အခုကတော့ နေသားကျနေပါပြီ။ တစ်ခါတစ်လေ ရုံးပိတ်တဲ့ ရက်တွေဆိုရင် ငါက မနက်ကို ရှစ်နာရီကျော်လောက်မှ အိပ်ယာထတယ်။ ဒါကိုလည်း ဘယ်သူကမှ အရေးတယူ ပြောမနေပါဘူး။ စောစောထပြီးတော့လည်း လုပ်စရာမယ်မယ်ရရမရှိပါဘူး။ ရှိလည်း မလုပ်ဖြစ်တာများပါတယ်။ အဲသည်လို ရုံးပိတ်ရက်တွေများဆို ရင် မနက်ခင်းနေရောင်ခြည်က ပြတင်းပေါက်ကနေ မျက်နှာကို လာထိုးတက်တယ်။ အဲလို​နေထိုး​တော့မှ အိပ်ယာက နိုးတာလေ။ အဲသလို နေ့တွေဆိုရင် ငါ ပြတင်းပေါက်ကို တခုတ်တရ သွားသွားဖွင့် တက်တယ်။ ပြတင်းပေါက်ကို ဖွင့်နေရင်းနဲ့လည်း ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲက စာသားတစ်ချို့ကို သွားသွား အမှတ်ရတာပဲ။ ဘယ်စာအုပ်ကလဲဆိုတာကတော့ ငါ့ဦးနှောက်က လိုက်မမှတ်နိုင်တော့ဘူး။ “ပြတင်းပေါက်ကို ဖွင့်ထားလို့ ပန်းရနံ့တွေကို မျှော်လင့်ထားရင် လေပြေနဲ့အတူ ပါလာမယ့် ဖုန်နဲ့ အမှိုက်တွေကိုလည်း လက်ခံထားနိုင်ရမယ်” ဆိုလားပဲ။ သေသေချာချာ တိတိကျကျ မှတ်မိတာမျိုး တော့ဘယ်ဟုတ်ပါ့မလဲ။ ငါ့ဦးနှောက်က မှတ်သားသိမ်းဆည်းရမှာ သိပ်ပျင်းတာ။

          ပြတင်းပေါက်ကို ဖွင့်လိုက်လို့လည်း ငါ့အခန်းက သိသိသာသာကြီး လင်းလာတာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ရုံးပိတ်ရက် အိမ်မှာ ရှိနေတဲ့ နေ့လည်နေ့ခင်းတွေဆိုရင် ငါက ပြတင်းပေါက်ကို အမြဲဖွင့်တက်တယ်။ အနည်းဆုံးတော့ အသက်ရှုရတာ နည်းနည်းလောက်ဖြစ်ဖြစ် လွတ်လပ်​သွားသလို ခံစားရလို့လည်း ဖြစ်နိုင်ပါတယ်။ အိမ်ခေါင်းရင်းက ခြံစည်းရိုးနဲ့ အရမ်းကပ်နေပြီ။ ဟိုဘက်ခြံထဲက သရက်ပင်သုံးပင်က ငါ့ ခေါင်းရင်း ပြတင်းပေါက်အရှေ့ တည့်တည့်မှာ။ ဒါကြောင့် ပြတင်းပေါက်ကနေ အလင်းတွေ သိပ်ပြီး မဝင်နိုင်တာလေ။ အဲသည် သရက်ပင် သုံးပင်ကို ကျော်ပြီးကြည့်မယ်ဆိုရင်တော့ ခေါင်းရင်းအိမ်က ရေတိုင်ကီရှိမယ်။ နောက်ပြီး ကိုက္ကိုလ်ပင်တွေ၊ မှို့ပင်တွေ၊ ခြုံနွယ်​တွ၊ ငါ နာမည်မသိ တဲ့အပင်တွေရှိတယ်။ ခြင်တွေ ဒီလောက်များနေတာကလည်း ဒီခြုံတွေကြောင့်ဖြစ်မယ်ထင်တယ်။ ဘယ်သူကမှလည်း ကိုယ့်အိမ်နောက်ဖေးကို ရှင်းကြလင်းကြတာလည်း မတွေ့မိပါဘူး။ ဒါကြောင့် ပြတင်းပေါက်ဖွင့်ပြီး ထိုင်ဖီးလ်နေလို့တော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အိမ်ကလူတွေဆိုရင် အဲသည် ပြတင်းပေါက်ကိုရှိတယ်လို့မှ သိကြသေးရဲ့လားလို့ အရည်မရ အဖတ်မရ ငါ ခဏခဏ တွေးဖူးတယ်။

          စာမဖတ်တဲ့သူဟာ ပြတင်းပေါက် မရှိတဲ့ (ပိတ်ထားတဲ့) အိမ်တစ်လုံးနဲ့ တူတယ်လို့ ငါ ငယ်ငယ် တုန်းက ဆရာမတွေ ပြောပြဆုံးမတာ ခဏခဏကြားရဖူးတယ်။ အခု ငါတို့ အိမ်က ပြတင်းပေါက်က တော့ အမြဲလိုလို ပိတ်ထားတာပဲ။ ဖွင့်လိုက်​တော့လည်း ပန်းရနံ့တွေ၊ လေပြေလေညှင်းလေးတွေတော့ ရောက်လာစရာအကြောင်းမမြင်ဘူး။ သေချာတာကတော့ ခြင်တွေ အုံလိုက်ကျင်းလိုက်နဲ့ ဝင်လာမယ်​ဆိုတာပါပဲ။ ဒါကြောင့် ဒီပြတင်းပေါက်က ဘာမှ အရေးမပါဘူးလေ။ ဒီအိမ်ဆောက်တဲ့ လက်သမားဆရာက ဘယ်လို ရည်ရွယ်ချက်နဲ့ ဒီပြတင်းပေါက်ကို လုပ်ထားခဲ့လည်းဆိုတာတော့ ငါလည်းမသိဘူး။ ဒီအိမ်သူ အိမ်သားတွေ ခြင်ကိုက်ပါစေ ဆိုတဲ့ စေတနာစိတ်နဲ့တော့ မဟုတ်တန်ပါဘူး။ ဒီနေ့ အခုလို ဒီပြတင်းပေါက်ကြောင့် အိမ်မှာ ဒုက္ခရောက်နေတာ အဲသည် လက်သမားသိရင် ဘယ်လိုနေမလဲ ဆိုတာတော့ ငါလည်း မတွေးတက်ပါဘူး။ သွားဖြီးပြီး ပြုံးနေမလားပဲ။ 

 ဒီလိုနဲ့ ငါလည်း ခြင်ကိုက်ခံရတဲ့ ကိစ္စကို ရေးကြီးခွင်ကျယ်လုပ်လို့ ပြတင်းပေါက်ကို အပြစ်တင်နေလိုက်တာ ကိုယ့်အခန်းကို သန့်ရှင်းရေး မလုပ်ဖြစ်တော့ဘူး။ ငါ့အခန်းကတော့ အမြဲရှုပ်ပွနေတာ။ အိမ်ကလူတွေ အမြင်မတော်လို့ ရှင်းပေးလည်း ခဏပဲ။ ကြာလာတော့ ဘယ်သူမှ သန့်ရှင်း​ရေးလုပ်မပေးတော့ဘူး။ ငါကလည်း ငါပဲ။ ဒီလို ရှုပ်ရှုပ်ပွပွ နေရတာကို မသိစိတ်ကဘဲ ကြိုက်နေတာများလားပဲ။ အခန်းထောင့်က တစ်ပတ်လုံး ဝတ်ထားတဲ့ အဝတ်ထုပ်ကို ယူတော့ အလားလား ခြင်တွေ ခြင်တွေဆိုတာ …………..။  ။




ဗန်ခိုမှိုင်း (22.01.2019) 3:25 PM
         

          

Tuesday, January 8, 2019

ရှိုက်သံသဲ့သဲ့

            “ရော့ရေဂင်။ သီချင်းသေချာလိုက်ဆို။ မမ အိပ်ရေးပျက်ခံပြီးရေးပေးထားတာ” ဟုဆိုကာ ကျွန်တော့်ရင်ဘက်ထဲကို ပစ်ပေးလိုက်သည့် ဒွေး၊ထက်ထက်မိုးဦးပုံ အဖုံးနှင့် Arrow ဗလာစာအုပ်လေးအား ကျွန်တော်ဘယ်နှကြိမ်၊ ဘယ်နှခေါက်မျှ တယုတယ နမ်းရှိုက်မိသည် ဆိုသည်ကို မရေနိုင်၊ အတွက်နိုင်အောင်။ ခရစ္စမတ်မတိုင်မီ ကယ်ရိုသီချင်းများ ထွက်ဆိုရန် ဘုရားကျောင်းတွင် စနေညတိုင်း လူငယ်များ သီချင်းတိုက်သည့် အစီအစဉ်ကြောင့် ကျွန်တော်ဟာ မမကို တစ်ပတ်နှစ်ကြိမ်တော့ ဖူးမျှော်ခွင့်ရခဲ့ပါသည်။ မမသည် လှသည်ဟု မကြခဏဆိုသလို ဘုရားကျောင်းမှ အစ်ကိုကြီးများပြောသည်ကို ကြားခဲ့ရပါသည်။ မိန်းမတစ်ယောက်၏ ခန္ဒာကိုယ်ကောက်ကြောင်းများအား ခံစားနိုင်စွမ်းမရှိသေးသည့် ကျွန်ုပ်အဖို့ မမသည်တီဗွီမင်းသမီး ထက်ထက်မိုးဦး၊ ရတနာခင်၊ နန္ဒလှိုင်တို့ထက်လှသည်ဟု ယုံကြည်မိပါသည်။ ထို့အပြင် မမမှာ အသံကောင်းသည်။ တနင်္ဂနွေနေ့ ဘုရားရှိခိုးရသည်ကို ကျွန်တော် ပျင်းရိသော်လည်း မမသီချင်းထွက်ဆိုသည့်အချိန်ကိုမူ ကျွန်တော်မပျင်းနိုင်ပါ။ ဘုရားကျောင်း ပုလ္လင်ရှေ့တွင် ဘုရားရှိခိုး သီချင်းဦးဆောင် နေသည့်မမသည် ကျက်သရေရှိသည်။ တရားဟောပုလ္လင်ထက်က ပန်းများမှာ မမကြောင့် အရောင်မှိန်နေရသည်ဟု ကျွန်တော်တထစ်ချ ယုံကြည်မိပါသည်။ မမသည် အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်းနှင့် ကြည်လင်ပြတ်သားသည့် မျက်လုံးတစ်စုံကို ပိုင်ဆိုထားသူဖြစ်သည်။ အနေအထိုင် သိမ်မွေ့သည်။ စကားပြော ချိုသည်။ သီချင်းဆို အလွန်ကောင်းသည်။

          ထိုအချိန်က မမသည် (၈)တန်းကျောင်းသူအရွယ်သာ ရှိသေးပြီး ကျွန်တော်က (၄)တန်းအရွယ်သာ ရှိပါသေးသည်။ အဆောာင်တွင် နေကြသည့် ကလေးများကြား၌ ကျွန်ုပ်မှာ စာတော်သည့်ကလေးဖြစ်ခြင်းကြောင့် မမသည် ကျွန်ုပ်အား အခြားရွယ်တူကလေးများထက် ချစ်သည်။ အလိုလိုက်သည်။ အတန်းထဲတွင် အဆင့် (၂) ရခဲ့ခြင်းကြောင့်လည်း ခရစ္စမက်သီချင်းများအား ဒိုင်ခံကူးပေးခဲ့ခြင်းလည်း ဖြစ်သည်။ သို့သော် ပုံပြင်နားထောင်ရခြင်းလောက်သာ ခုံမင်ကာ သီချင်းဆိုအလွန်ပျင်းသည့် ကျွန်ုပ်မှာ သီချင်းမရသဖြင့် မမနှင့်အတူ ကယ်ရိုထွက်ခွင့်ရမယ့် အခွင့်အရေးအား လက်လွှတ်ခဲ့ရပါသည်။ ထို ဒွေးနှင့် ထက်ထက်မိုးဦးပုံပါ ဗလာစာအုပ်တွင် ခရစ္စမက်သီချင်း စုစုပေါင်း (၆၅) ပုဒ်ပါဝင်ပြီး နောက်ဆုံးအပိတ်တွင် မောင်လေးရေဂင်အတွက် မမရဲ့ ခရစ္စမက်လက်ဆောင် ဟူ၍ စာတိုကလေး ရေးထားပါသည်။ ထိုကြောင့် ကျွန်ုပ်ကြိုးစားခဲ့သည်ထင်ပါ၏ မြို့နယ်ကျောင်းပေါင်းစုံ ဖြေဆိုသည့် စာပေးပွဲတွင် တတိယဆု ထပ်မံရရှိခဲ့ပါသည်။

          ထို့နောက် ကျွန်ုပ် (၅) တန်းတက်ချိန်တွင်တော့ မမသည် ချစ်သူထားတတ်လာပါသည်။ မမ၏ ချစ်သူမှာ ဘုရားကျောင်းတွင် မမနှင့်အတူ သီချင်းဦးဆောင်သည့် ဆရာတစ်ဦးဖြစ်ပြီး ပုံပြော အလွန်ကောင်းသောကြောင့် ကျွန်ုပ်တို့ ကလေးတစ်သိုက် အလွန်ချစ်ခင်သူ တစ်ဦးလည်းဖြစ်ပါသည်။ အဆိုပါ ဆရာမှမမအား ရည်းစားစာသော်လည်းကောင်း၊ ချိန်းတွေ့ရန် ကစားမှာလိုသော်လည်းကောင်း ကျွန်ုပ်အား စေခိုင်းတတ်သည်။ ကျွန်ုပ်သည် စာတော်၍ လိမ်မာသည့် ကလေးမဟုတ်ပါလား။ သို့သော် အဆောင်မှူး ရှိနေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ကျွန်ုပ်သည် ထိုစာများကို ၀ါးစား၍ဖျောက်ဖျက်ပစ်ခဲ့သည်မှာလည်း အကြိမ်ကြိမ်။ မမသည် မူလက စာတော်သည့် ကျောင်းသူတစ်ဦးဖြစ်ခဲ့ပါသည်။ ထို့အပြင် လိမ္မာရေးခြားရှိ၍ သင်းအုပ်ဆရာနှင့် အခြား ဆရာများ၏ ချီးမြောက်ခံရသည့် ကျောင်းသူ တစ်ဦးလည်းဖြစ်ပါသည်။ ရည်းစားထားပြီးသည့်နောက်တွင် လပတ်စာမေးပွဲ မဖြေနိုင်၍ ကျောင်းမှ အုပ်ထိန်းသူအား ဆင့်ခေါ်ခံခဲ့ရသည် အထိ အခြေအနေ ဖြစ်လာခဲ့ပါသည်။ တစ်ခါတစ်ရံတွင် မမရည်းစားထားသည်ကို အဆောင်မှူးအား တိုင်ကြားလိုသော်လည်း မမအရိုက်ခံရမည်ကို စိုး၍သော်လည်းကောင်း၊ မမ၏ချစ်သူဆိုသူဆရာမှ ထိုးကြိတ်မည်ကိုသော်လည်းကောင်း ကြောက်၍ ထိုစိတ်ကူးများမှာ လက်တွေ့ဖြစ်မလာခဲ့ပါချေ။

          အလှတရားသည် လက်နက်တစ်ခုဖြစ်သည်ဟူသည့် အတွေးစာစုကို မမသည် သိနိုင်လေဟန်မတူခဲ့ပေ။ လက်နက်ဆိုသည်မှာအသုံးချနိုင်ပါက အောင်မြင်မှုကို ပေးစွမ်းနိုင်သော်လည်း အသုံးမချနိုင်ပါမူ မိမိအား အန္တရာယ်ပြန်လည် ပြုနိုင်သည်ကို ဆိုလိုခြင်း ဖြစ်သည်။ ငှက်များတွင် ဒေါင်း၊ကြက်တူရွေးငှက်များမှာ သာမာန်ထက်ထူးခြားလှပသည့် အရောင်အသွေးရှိသည့်ငှက်များရှိသည်။ ထိုထူးခြားသည့် အရောင်အသွေးကြောင့်ပင် အဆိုပါ ငှက်များမှာ လှောင်အိမ်ထဲတွင်နေထိုင်ရပြီး ပျံသန်းခွင့်ကို စွန့်လွှတ်ခဲ့ရသလို အလှမွေးငါးများမှာ လည်း ၎င်းတို့၏ လှပသည့် အရောင်အသွေးကြောင့်ပင် လွှတ်လပ်ခွင့်ကို ဆုံးရှုံးခဲ့ရသည် မဟုတ်ပါလား။ မမသည် လျှောင်အိမ်ထဲက ကြက်တူရွေးဖြစ်သည်။ မှန်ပေါင်ထဲက ရွှေငါးကလေး တစ်ကောင်ဖြစ်သည်။
ကျွန်ုပ် (၅)တန်းအောင် (၆)တန်း မတက်မီတွင် သတင်းဆိုးတစ်ခုကို ကြားသိခဲ့ရပါသည်။ မမမှာ ကိုယ်ဝန်ရရှိနေသည်ဆိုသည့် သတင်းဖြစ်ပါသည်။ ထိုသတင်းကြားရသည့် နောက်တွင် မမနေသည့် အဆောင်သို့ သွားရောက်ခဲ့သော်လည်း မမမှာ အဆောင်တွင် ရှိမနေတော့ဘဲ အဆောင်မှူးအိမ်တွင် အိမ်ပြင်မထွက်ရအမိန့်ဖြင့် ရောက်ရှိနေကြောင်းသိရပါသည်။ အဆောင်မှူးအိမ်သို့ ရောက်ရှိချိန်တွင် အပေါ်ထပ်မှ မမ၏ ရှိုက်ငိုသံ သဲ့သဲ့ကို အတိုင်းသားကြားရပါသည်။ ထို ရှိုက်သံများသည် ကျွန်ုပ်အတွက် ခြောက်ကပ် အိမ်မက်များဖြစ်လာခဲ့သည်။ လူစီဖာ၏ လှောင်ပြောင် သရော်သံဟု ထင်မိပါတော့သည်။ သို့သော် မမနှင့် မမ၏ချစ်သူတို့၏ ဇာတ်လမ်း မှာထိုနေရာတွင်သာ အဆုံးသတ်ခဲ့ရပြီး မမ၏ ချစ်သူမှာ မိဘများ၏ သဘောထားကို လွန်ဆန်နိုင်ခြင်းမရှိဘဲ မမမှာ သူ၏မိဘများရှိရာသို့ တစ်ကိုယ်တည်း ထွက်ခွါခဲ့ရပါသည်။

          နောက်ပိုင်းတွင်မူ မမနှင့် ပတ်သက်သည့် သတင်းတစ်စုံတရာကိုမျှ မကြားရတော့သည်မှာ ယနေ့ထက်ထိဖြစ်ပါသည်။ မည်သို့ ပင်ဆိုစေကာမူ အထက်တန်းကျောင်းသူလေးများ ရည်းစာသနံထားသည်ကို တွေ့မြင်ရသည်ရှိသော်လည်းကောင်း၊ ခရစ္စမက်သီချင်း သံများကြားရသည်ရှိသော်လည်းကောင်း တစ်ချိန်က မမပုံရိပ်နှင့်အတူ မမ၏ရှိုက်သံ သဲ့သဲ့အား ပြန်လည်အမှတ်ရမိပါတော့သည်။




ဗန်ခိုမိုင်း

ကျော်ထွန်း

            ကိုကျော်ထွန်းဆိုရင် ဒီရပ်ကွက်ထဲမှာတော့ မသိတဲ့သူမရှိသလောက်ပဲ။ ဒါပေမယ့် ကျော်ထွန်းဆိုပြီး နာမည်နဲ့လူတွဲအပ်သိတာတော့ မဟုတ်ဘူးပေါ့။ သ...