“မင်းတို့ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ယှဉ်ပြိုင်လိုစိတ်ရှိဖို့လိုတယ်။ အတန်းထဲမှာ စာအတော် ဆုံးကျောင်းသား ဖြစ်ရမယ်ဆိုတဲ့မာန၊ မြို့နယ်အလိုက် စာမေးပွဲမှာလည်း ကိုယ့်ကျောင်းဟာ အတော်ဆုံး ကျောင်းဖြစ်ရမယ်ဆိုတဲ့ စိတ်ဓါတ်မျိုးရှိဖို့လိုတယ်။ သူများလောက်မတော်ရင် သူများထက်ပိုကြိုးစားမယ် ဆိုတဲ့ စိတ်ဓါတ်တွေ လိုတယ်” စသည်ဖြင့် ငယ်ငယ်က ဆရာ/ ဆရာမတွေရဲ့ ဆိုဆုံးမစကားတွေကို ကြားနာပြီးသည့် သကာလ ကျွန်တော်လည်း အသည်းအသန်ကြိုးစားခဲ့ဖူးပါတယ်။ မူလတန်းအရွယ်မှာတော့ မသိသာပေမယ့် အလယ်တန်းဖြစ်တဲ့ (၅) တန်းကို ရောက်လာချိန်မှာတော့ စာအတော်ဆုံးကျောင်းသားတွေက (A) ခန်း၊ အညံ့ဆုံးကျောင်းသားတွေကတော့ (E) ခန်း စသည်ဖြင့် ခွဲခြားသတ်မှတ်တာကြောင့် ကျွန်တော်ဟာ (D) ခန်း၊ (E) ခန်းက ကျောင်းသားတွေနဲ့ သူငယ်ချင်း မဖြစ်ချင်ခဲ့ပါဘူး။ ဒါကြောင့် (A) ခန်းရောက်နိုင်အောင် ကြိုးစား ခဲ့ပါတယ်။ ကြိုးစားခဲ့တဲ့အတိုင်း ၆ တန်းနှစ်မှာ (A) ခန်းကို ရောက်ခဲ့ပါတယ်။
ကျောင်းစတက်တဲ့နေ့ကတော့ ရင်အခုန်ရဆုံးပါပဲ။ လူရှေ့သူရှေ့ ရင်ဘတ်ပေါ်က ၆တန်းအေ ဆိုတဲ့ စာတန်းလေးကို လူမြင်အောင် ကော့ပြီးလမ်းလျှောက်ခဲ့တာပါကလား။ မထမဆုံး အတန်းတက်တဲ့နေ့မှာတော့ ဆရာမက စာရွက်ကြီးကိုင်ပြီး ၅ တန်း အတန်းတင်စာမေးပွဲတုန်းက စာအတော်ဆုံးကျောင်းသားကို ရှေ့ဆုံး အစဉ်လိုက်ထိုင်ခိုင်းတယ်ခင်ဗျ။ အဲဒီမှာ ကျွန်တော့်နာမည် ရေဂင်က နောက်ဆုံးကရေရင် နံပတ်(၃) ယောက်မြောက်မှာ အခေါ်ခံခဲ့ရပါတယ်။ ယောကျာင်္း လေးအတန်းမှာ နေရာမရှိတော့လို့ မိန်းကလေးတန်းရဲ့ နောက်ဆုံးခုံမှာ နောက်ဆုံးကျောင်းသား (၄) ယောက်တစ်တန်း ထိုင်ခဲ့ရပါတယ်။ ဒါလည်းတစ်မျိုးတော့ကောင်းသား။ ကျောင်းဆင်းခေါင်းလောင်းထိုးတာနဲ့ အိမ်ကိုတစ်သုတ်တည်း ပြေးလို့ရတာကိုးဗျ။
ယှဉ်ပြိုင်ခြင်းဆိုတာ အဲဒီမှာ စတာပါပဲ။ သချာင်္တွက်ရင်တောင် ဘေးလူတွေ့မှာစိုးလို့ လက်ကလေးအုပ်ပြီး တွက်ခဲ့တာ။ စာသင်တုန်း မသိလိုက်လို့ ဘေးလူကို မေးမရတာတွေ အိမ်စာကို အိမ်မှာမလုပ်ဘဲ မုန့်စားဆင်းချိန်မှာ အသည်းအသန်လုပ်ခဲ့ရတာတွေ၊ သူများတွေလို ကျူရှင်မတက်နိုင်လို့ အိမ်မှာတောင် သေချာမဆော့ခဲ့ရတာတွေစုံလို့ခင်ဗျ။ လပတ်စာမေးပွဲပြီးလို့ အမှတ်စာရင်းထွက်ရင် အချင်းချင်း ကြိတ်ပြိုင်ကြ တာတွေ၊ သူများလောက် အမှတ်မကောင်းရင် သူတို့က ဆရာမကျူရှင်တက်လို့ပါကွာ ဆိုပြီး ပြောတတ်တာတွေ စုံလို့ပါပဲ။ မှတ်မှတ်ရရ တစ်ရက် မုန့်စားကျောင်းဆင်းခါနီး သချာင်္ဆရာမ စာသင်ပြီးတော့ စာမေးပွဲအမှတ် ပြောမယ် နားထောင်မလားဆိုတော့ မုန့်စားဆင်းနေတာတောင် တစ်တန်းလုံးငြိမ်ပြီး အမှတ်စာရင်းနားထောင် နေခဲ့ပါတယ်။ ဖြစ်ချင်တော့ အခြားအခန်းက ကောင်တွေပြတင်းပေါက်နားက နားထောင်နေတာခင်ဗျ။ ဆရာမ အမှတ်တွေအော်တော့ အမှတ် (၈၀) အောက်ဆိုတာ မရှိသလောက်ကို ရှားခဲ့ပါတယ်။ မောင်မောင် (၉၂) မှတ်၊ လှလှ (၁၀၀) ဆိုပြီးအောင်နေတော့ ၀ါရံတာက ကောင်တွေများ ပါးစပ်အဟောင်းသားနဲ့ ဖြစ်နေတာကို မြင်တွေ့ခဲ့ရတာကလား။ ကိုယ့်မှာလည်း အဲတာတွေကို ဂုဏ်ယူလို့မဆုံး၊ ကျေနပ်လို့မဆုံးပေါ့ဗျာ။ အဲဒီအချိန်က ကျွန်တော့်မှာ အားငယ်ရတယ်ဆိုလို့ အတန်းထဲမှာ ပိုက်ဆံကောက်တဲ့အချိန်ပါပဲ။ ရေဗူးဖိုး၊ တံမြက်စည်းဖိုး၊ ဆရာမ စားပွဲခင်းဖိုးများကောက်ရင် (၁၀၀) လောက်ကို သုံး၊ လေးရက်ကြာမှ ပေးနိုင်သူဆိုတော့ တစ်တန်းလုံးမှာ နောက်အကျဆုံးပါပဲ။ သီတင်းကျွတ် ဆရာကတော့ပွဲများဆိုရင် ကိုယ်က နောက်အကျဆုံးနဲ့ အနည်းဆုံးပေးနိုင်တာ ဆိုတော့လည်း အားငယ်ရသေးတာပါပဲ။
တစ်ခါမှာတော့ ကိုယ့်မှာ ဂုဏ်ယူစရာလည်းရှိပါသေးတယ်ခင်ဗျ။ ဒါကတော့ ကျောင်းအလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲမှာ (၅)တန်းက(၈)တန်းအထိ ပြိုင်တဲ့သူတွေထဲမှာ ကိုယ်ဟာ ကံကောင်းထောက်မစွာနဲ့ ပထမဆုရခဲ့ပါတယ်။ သူချည်းပဲလား ဆိုတော့ မြို့နယ်အဆင့်မှာ တတိယဆုနဲ့ပါပေါ့ဗျာ။ ကျောင်းအုပ်ဆရာကြီး ကိုယ်တိုင် အတန်းထဲလာပြီး ချီးကျုး ထောပနာပြုခဲ့ပေမယ့် လက်ခုပ်တီးတဲ့သူ တစ်ယောက်မှ မရှိခဲ့တာလည်း မှတ်မှတ်ရရ။ ဒါပေတိ ကောင်မလေး နှစ်ယောက် သုံးယောက်လောက်ကတော့ အိမ်က ပြက္ခဒိန်အဟောင်းလေးယူလာပြီး ပုံဆွဲခိုင်းခဲ့တာလည်း မှတ်မှတ်ရရပါပဲခင်ဗျ။ (ကြွားခွင့်ရတုန်း ကြွားပါသည်) ဒီလိုနဲ့ နှစ်ကုန်ပြီး အောင်စာရင်းထွက်တော့ ကျွန်တော်ဟာ ကျောင်းအုပ် ဆရာမကြီးအသစ်ရဲ့ ပေါ်လစီ အသစ်အရ (E) ခန်းရောက်သွားပါလေသတည်းဗျာ။
ညံ့တဲ့ကျောင်းသားတွေလည်း ကြိုးစားချင်စိတ်ရှိအောင်သတဲ့ခင်ဗျ။(တကယ်တန်းက ပိုက်ဆံပေးနိုင်တဲ့သူ A ခန်းရောက် သွားတာပါ) ကိုယ့်မှာလည်း ရှက်လည်းရှက် ငိုလည်းငိုချင်ပေါ့ဗျ။ ဒါနဲ့ ကျောင်းစတက်တော့ ကိုယ့်လို A ခန်းက E ခန်းရောက်လာတဲ့သူကလည်း နှစ်ယောက် သုံးယောက်ရှိပါ့ဗျာ။ ဘာပြောပြော E ခန်းမှာတော့ ကိုယ်ဟာဆရာတစ်ဆူ ဖြစ်လာပါတယ်။ လက်ညှိးညွှန်ရာ ရေဖြစ်တဲ့အချိန်ဆိုပါတော့ဗျာ။ စာမေးပွဲဆိုရင် ကိုယ့်ဆီက ကူးချကြတဲ့သူတွေချည်းလေ။ ကျောင်းမှာ ရေဖိုး၊ တံမြတ်စည်းဖိုး ကောက်လို့ကတော့ အိမ်မှာတောင်းစရာတောင်မလိုတော့ဘူး ပေးပြီးသားပဲခင်ဗျ။ တစ်ရက် ဒီလိုနဲ့ ကျွန်တော်လည်း ကျောင်းမှာဝတ္ထုစဖတ်လာပါတယ်။ စာအုပ်ငှါးဆိုင်ဖွင့်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ပေါင်းမိတာကိုး။ မင်းမြတ်သူရ ကတော့ ကိုယ့်အသည်းစွဲပေါ့။ တာယာပွကြီး၊ နီကိုရဲ အကြည်တော်တွေ နောက်ဆုံး ပီမိုးနင်းရဲ့ မိန်းမစိတ်ကျမ်း၊ ကာမသိဒ္ဒိကျမ်း၊ စာရေးသူမသိ ၀ါကျင့်ကျင့် နှစ်ရွက်ပူး စာအုပ်တွေကဆုံး တစ်ရက်တစ်မျိုး မရိုးနိုင်အောင်။ ပထဝီအချိန်၊ မြန်မာစာအချိန်၊ သမိုင်းအချိန်တွေက ကိုယ့်အတွက်တော့ နောက်ဆုံးတန်းမှာ ၀တ္ထုဖတ်တဲ့ အချိန်ပဲ။ ဒါတင်လားဆိုတော့ နောက်ဆုံးအချိန်ဆိုရင် အိမ်သာသွားပြီး စဆရက လုပ်လိုက်သေး။ ဖတ်ထားတဲ့ ၀တ္ထုတွေ ပြန်ပြီး ဖေါက်သည်ချ ကောင်းလေစွ။ ဒီတော့ ကိုယ့်ရဲ့ ဂုဏ်သတင်းဟာလည်း အတန်းကြီးပိုင်းက ဖိုတ်တာတွေဆီအထိ သတင်းရောက်ခဲ့တာကလား။ ဒီလိုနဲ့တစ်ရက် အတန်းထဲက ကောင်မလေးကိုလာကြောင်နေတဲ့ (၈)တန်းက ဘဲကြီးက ရည်းစားစာရေးပေးဖို့ ကမ်းလှမ်းတယ်ခင်ဗျ။ ကိုယ့်မှာ ကြောက်ကြောက်နဲ့ရေးပေးလိုက်ပါတယ်။ သိပ်ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး။ တာယာမင်းဝေ ကဗျာဖြစ်တဲ့ “စက်ရုပ်ကိုတောင် အရည်ပျော်ကျသွားစေတဲ့ အပြုံးတွေ ဘယ်နတ်ဘုရားဆီက တောင်းဆိုခဲ့သလဲ” ဆိုလား၊ ဘာလားပဲ သေချာမမှတ်မိ။ ကောင်မလေးခဗျာမှာလည်း ဘယ်ကတည်းက ရွပိုးထလည်းမသိ ချက်ချင်းအဖြေတန်းရ။ ကိုယ်လည်း ချက်ချင်း နာမည်ကြီးတာပါ။ အဲနောက်မှာတော့ ရည်းစားစာတွေ ရေးလိုက်ရတဲ့ ဖြစ်ခြင်း။ မုန့်ဈေးတန်းကို သွားစရာမလိုဘူး။ မုန့်တွေ ကိုယ့်ရှေ့ရောက်လာခဲ့တဲ့ အခိုက်အတန့် ကိုယ့်ကိုရန်လာရှာကြည့် မျက်စောင်းနဲ့တင် မီးပွင့်နိုင်တဲ့ အခိုက်အတန့်တွေလို့ ဆိုရမယ့် ကိုယ့်ရဲ့ ဘုန်းတန်ခိုးတွေ နေလို လလို ထွန်းတောက်ခဲ့ပေါ့။
အဲ တစ်ရက် မထမနှစ်ဝက်စာမေးပွဲမှာ ပထမဆုံး မြန်မာ-ထိုင်း သမိုင်းကို ဖြေရတယ်ခင်ဗျ။ အဲတုန်းက သင်ရိုးမှာ မပါဘဲ အနားနီးမှာ ရုတ်တရက်စာအုပ်ဝယ်ပြီးဖြေရတဲ့ဘာသာမို့ အောင်တဲ့သူ ရှားတဲ့အထဲမှာ ကိုယ်ပါနေပြီး E ခန်းမှာ ကိုယ်တစ်ယောက်တည်းအောင်တော့ သမိုင်းဆရာမက ချီးကျူးထောပနာပြုသဗျ။ အဲဒီမှာ တစ်ခန်းလုံးက ယောကျာင်္းထုများ လက်ခုပ်သြဘာ ပေးခဲ့တာလည်း မှတ်မှတ်ရရ။ ဒီလိုနဲ့ (၈)တန်းရောက်တော့လည်း ကိုယ်က E ခန်းပါပဲ။ အရင်တစ်ချိန်က အထင်သေးလို့ အပေါင်းအသင်း မလုပ်ချင်ခဲ့တဲ့ E ခန်းဟာ ကျွန်တော့်အတွက် ပျော်စရာ ဘုံဗိမာန်လေးတစ်ခု ဖြစ်လာခဲ့တယ်။ ဆရာမ မရှိရင် ခုန်ခေါက်သီချင်းဆိုတာတွေ၊ အိမ်သာသွားပြီး အချိန်ဖြုန်းခဲ့တာတွေ စာမေးပွဲဖြေရင် ဘေးကကောင်ကို ကပ်တိုးလေး ပြခဲ့ရတာတွေနဲ့ တကယ်ကို ပျော်စရာကောင်းခဲ့တယ် အမှတ်တရတွေစုံလို့ပါပဲ။ အရင်တစ်ချိန်က ပန်းချီပထမရတာတောင် လက်ခုပ်တီး အသိအမှတ်ပြု မခံရတဲ့တာ၊ ကျူရှင်မတက်နိုင်လို့ အားငယ်ခဲ့ရတာ မရှိတဲ့ကမ္ဘာ။
ဒီလိုနဲ့ (၉)တန်းရောက်တော့ ကိုယ်လည်း လူရှိန်အောင် BIO ယူ။ ကျောင်းတတ်တော့ A ခန်းပြန်ရောက်ခဲ့ပါတယ်။ တစ်နွေလုံး ရွာပြန်ပြီး အမေ့အိမ်မှာ ကမြင်းကြောထခဲ့တဲ့ကိုယ်ဟာ ပထမဆုံး ကျောင်းတက်တဲ့ နေ့မှာပဲ သောက်ရှက်တွေ ဗြမ်းဗြမ်းကွဲတော့တယ်ခဗျ။ သူများတွေ ကျောင်းပိတ်တာနဲ့ ကျူရှင်တက်ပြီး ဆရာမစာမသင်ခင်မှာပဲ ဖတ်စာအုပ်ထဲက definition တွေအလွတ်ရွက်နေတုန်း ကိုယ်မှာ Biology is study of living thingဆိုပြီး အထစ်အထစ်နဲ့ ကြည့်ဖတ်နေရကလား။ ဒီလိုနဲ့ ပြိုင်ဆိုင်မှုတွေများတဲ့ A ခန်းဆိုတာ ကိုယ်နဲ့ ဘယ်လိုမှ အစပ်အဟပ်မတည့်။ ဒါနဲ့ ဆရာမကို သွားပြီး သူငယ်ချင်းတွေရှိတဲ့ C ခန်း(BIO မှာ အညံ့ဆုံးအခန်း)ကို ပြောင်းဖို့ ခွင့်သွားတောင်းတော့ ဆရာမနှယ် တစ်သက်တစ်ကိုယ် မတွေ့ဖူးတဲ့ ကျောင်းသားလို ကိုယ့်ကို မျက်ပြူးဆန်ပြာကြည့်လို့။ ဘယ်လိုမှာ အစပ်အဟပ်မတည့်တဲ့အဆုံး ကိုယ်လည်း ECO ပြောင်းပြီး ဘောဒါတွေရှိတဲ့ F ခန်းကို ရောက်ရှိသွား ပါလေရော။
ဘ၀ဆိုတာကို တိုက်ပွဲလို့ ဘာကြောင့်များ ရှေးပညာရှိဆိုသူတွေ မိန့်မှာထားခဲ့ပါလိမ့်လို့ မကြာခဏ တွေးမိပါတယ်။ ကလေးဘ၀ အပြိုင်အဆိုင်နဲ့ စာကြိုးစားတာ ကောင်းသလိုတော့ ရှိပေမယ့်လည်း တစ်သက်လုံး ကလေးဖြစ်လို့ မရတဲ့ လူ့ဘ၀မှာ ငယ်ကျင့် ငယ်ကြံဆိုတာက ဖျောက်ရခက်သားခင်ဗျ။ တစ်ခါ တစ်လေ အလုပ်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက် နေရာပြိုင် မနိုင်တော့ ခြေထိုး၊ လက်အောက်ငယ် သားတွေအပေါ်ဖိဟောက် အထက်လူကြီးကို ကပ်ဖားစတဲ့ ကလေးဘ၀ State ကျောင်းကအထှာတွေကို လုပ်ငန်းခွင်ထဲမှာ မြင်နေတွေ့နေရတော့ ပင်ပန်းလိုက်တာ။ တစ်ချိန်က အပြိုင်အဆိုင်များခဲ့တဲ့ A ခန်းက သူငယ်ချင်းတွေထဲက တစ်ချို့ မကြာခင်က တွေ့တော့ အင်ဂျင်နီယာ ဖြစ်တဲ့သူတွေဖြစ်လို့၊ HR မန်နေဂျာဖြစ်တဲ့သူတွေဖြစ်လို့။ ဒါပေမယ့် ကလေးတုန်းက အကြောင်းများ ပြောဖြစ်ရင် ကိုယ့်ကို ပြောစရာ မရှိဘူး။ သူတို့ရဲ့ တစ်ခုတည်းသော တူညီတဲ့ စကားတစ်ခွန်းကတော့ “ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်စဉ်းစားရင် ဘာမှန်းတောင် သေချာမသိပါဘူးကွာ” ဟူသတဲ့ဗျာ။
ရေဂင် (ကစဲ)
14.04.2018 3:52 AM
Photoး The world bank
No comments:
Post a Comment