Wednesday, February 13, 2019

ရန်ကုန်







စားစရာမလိုပါ
ကြွားစရာတော့ လိုအပ်ပါသည်။

ယောကျာင်္းမှန်က ယာဉ်မောင်းတတ်မှ
မိန်းမ မှန်က စာရင်းကိုင်တတ်မှ။

အလုပ်အကိုင် ရာထူးကောင်းရရှိရန်
ဘာညာ သာရကာ သိစရာမလို
ဘယ်သူဘယ်ဝါ သိရန်သာလိုသည်။

ပြည်သူပိုင် အားကစားကွင်းများအား
ကုန်းကျော်တံတားများအောက်တွင် တွေ့နိုင်၏။

နေဝင်နေထွက်သည်
တနင်္ဂနွေနေ့တွင်သာ ရှိပါသည်။

Taxi စီးနိုင်သည့် လူတန်းစားဆိုသည်မှာ
ရုံးချိန်အတွင်း သွားလာနေရသူကို ဆိုလိုပါသည်။

အရက်ဆိုင်များ ရောင်းကောင်းရန်အလို့ငှာ
အရပ်ပိုင်များ ကင်းလှည့်နေကြ၏။

တန်းဖိုးနည်း အိမ်ယာများရှိပါသည်
ကျော်တစ်ခင်းစာ တစ်လ (၄၀၀၀၀)ကျပ်ဖြင့်။

ဘွဲ့ရတစ်ဦး တစ်လဝင်ငွေမှာ တစ်သိန်းခွဲဖြစ်၍
လမ်းဘေးဈေးသည်တစ်ဦး၏ (၁၀)ရက်စာ ဝင်ငွေနှင့် အတူတူပင်ဖြစ်သည်။

လူဦးရေ ငါးသန်းအနက်တွင်
မိတ်ဆွေ ငါးဦးသာ ရှိနေသည့် မြို့တော်ဖြစ်ပါသည်။

ဗန်ခိုင်မှိုင်း

ကြွက်​ပုံပြင်



ဒီမီးဘယ်သူပဲ ရှို့ခဲ့ရှို့ခဲ့
လောင်နေတဲ့မီးကတော့ အရှိန်အဟုန်မပျက်
ဝေဖန်သံတွေ ဆူညံနေတဲ့ လူအုပ်ထဲက
"ဒီမီးက ကြွက်မနိုင်လို့ ရှို့တဲ့  ကျီမီးတဲ့"
"ဒီမီးက ဆပ်ကြွေးတွေ မကုန်နိုင်လို့တဲ့ "
"ဒီမီးကို မရှို့မဖြစ်လို့ ရှို့လိုက်ရတာပါတဲ့"
တစ်ယောက်တစ်ပေါက် အော်နေကြတာပါပဲ
လောင်နေပြီးမှတော့ ဘာကြောင့်လို့ဖြစ်ဖြစ်ပေါ့
ရပ်ကြည့်နေလိုက်ကြရုံပဲမဟုတ်လား။

ရန်သူတော်ငါးပါးအနွယ်ဝင် ဓါတ်ကြီးလေးပါးထဲက
ရှင်တေဇောဟာ သက်ညှာမှုကင်းမဲ့လွန်းတယ်
တဟုန်းဟုန်းထလို့ မာန်ဖီနေလေရဲ့
ကံဆိုလေသူ မောင်ရှင်ကြောင်နက်
စပါးကျီထဲမှာ ကယောက်ကယက်နဲ့
ဒီအချိန်မိုးတွေရွာဖို့ ဆုတောင်းချိန်ပင် မရခဲ့။
ဒါကြောင့် သူဟာ ကောင်းကင်ဘုံကို
အယုံအကြည်မရှိတဲ့သူရယ်လို့
လူအုပ်ကြီးထဲက မျက်မှန်ထူထူနဲ့ လူတစ်ယောက်က ဆိုတယ်။
ကြောင်နက်ရယ်
ငါတို့လည်း ရပ်ကြည့်ရုံက ဘာတက်နိုင်မှာတဲ့လဲ။

ရှင်တေဇောလည်း အမျက်ပြေ
ကျီပိုင်ရှင်လည်း ကျေနပ်ပါစေ
ဒီမီးပူဇော်ပွဲက လက်ခုပ်တီးသူမဲ့လို့
ပြီးခဲ့တာတွေလည်း ပြီးခဲ့ပေါ့
စပါးကျီသစ် ထပ်ဆောက်ရုံလေ။
တွေးလို့မှ မပြီးသေးဘူး
မြေအောက်ထဲမှာတော့ဖြင့် ကြွက်တွေဟာ
ညီလာခံတွေကျင်းပလို့ ဗျူဟာသစ်တွေဆွဲလို့
ဒီသံသရာမှာ ကြွက်တွေဟာ
တစ်ချက်ခုတ်ရင် နှစ်ချက်ပြတ်သတဲ့
စပါးကျီသစ်မှာ ဆန်အသစ်
ရေကန်အသင့် ကြာအသင့်ပဲ။
ငါလည်း လူအုပ်ကြားထဲ့မှာ
ရောယောင်လို့ ပွဲကြည့်ဖြစ်ခဲ့ရုံပါပဲ။ ။

ဗန်​ခိုမှိုင်း
#photo : Google

Sunday, February 10, 2019

စိန်ပန်း


ငယ်ငယ်တုန်းက
ငါတို့နေတဲ့ ရပ်ကွက်အဝင်လမ်းထိပ်မှာ
စိန်ပန်းပင်တစ်ပင်ရှိခဲ့ဖူးတယ်။
ငါ့တို့ရဲ့ ကျောင်းဆင်းချိန်တစ်ချို့မှာ
အဲသည့် စိန်ပန်းပင်ပေါ် တက်ဆော့လို့ မောလာရင်
အောက်က အုန်းမုန့်ခွက်နဲ့ ရေချမ်းစင်က ရေကန်အသင့် ကြာအသင့်ပဲ။
ဆောင်းအကုန် နွေအကူးကာလများမှာဆိုရင်
အကိုင်း ကျွတ်ဆပ်ဆပ် စိန်ပန်းတစ်ပင်လုံး
နီကျင့်ကျင့်ပွင့်ဖတ်တွေနဲ့ ထီးထီးကြီးရဲနေလေရဲ့။
ဒါကြောင့်ပဲ လမ်းထပ်က ကားမှတ်တိုင်ဟာ
စိန်ပန်းလို့ ဖြစ်လာသလား ငါတို့စိတ်မဝင်စားခဲ့ပါဘူး။
ဒီလိုနဲ့ ငါတို့ မြှီးကောင်ပေါက်အရွယ်ရောက်တော့]
မဲဆွယ်ကာလဆိုလား၊ ဘာလားပဲ
လမ်းချဲ့တွင်ရေး စီမံကိန်းလက်ချက်နဲ့
စိန်ပန်းဟာ အမြစ်ကနေ မြေလှန်ခံရရှာတယ်။
မကြာပါဘူး
ငါတို့စိန်ပန်းဟာ အသွင်သစ်နဲ့
စင်တင်တေးဂီတပါ ဘီယာဆိုင်အဖြစ်
ငါတို့ဆီ ပြန်ရောက်လာ။
စည်တစ်ခွက် (၂၀၀၀)၊
ကန်စွန်းရွက်ကြော် (၁၈၀၀)တဲ့
စိန်ပန်းဟာ ငါတို့နဲ့ မသက်ဆိုင်သူဖြစ်လာ။
ဂရမ်းပြာကို ခါးကြားထိုး
အပေါ်အင်္ကျံနဲ့အုပ်၊ ဦးထုပ်ငိုက်စိုက်ဆောင်းလို့
စင်ပေါ်က နီကျင့်ကျင့် ဂါဝင်အတိုကလေးနဲ့
ရင်သားကြွကြွ၊ တင်ပါးလှလှ ကလေးတွေကို
အမှောင်ထဲက မကြည့်မိအောင်
သတိထားနေရတယ်။   ။

ဗန်ခိုမှိုင်း 
photo : caosycosasdecuba

Tuesday, January 22, 2019

ပိတ်ထားတဲ့ ပြတင်းပေါက်



တပ်စုထောင်လို့ ဗိုလ်ထုနဲ့ ချီတက်လာတက်တဲ့ ခြင်တွေသာမရှိခဲ့ရင် ငါ့အနေနဲ့ကတော့ ခေါင်းရင်း က ပြတင်းပေါက်ကို အမြဲပိတ်ထားစရာ ဘာအကြောင်းမှတော့ မရှိပါဘူး။ ဒါပေမယ့်လည်း ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တွေထဲက ခြင်တွေဟာ ထင်မှတ်မထားနိုင်အောင် များပြားလွန်းပြီး အတင့်ရဲ လွန်းပါတယ်။ ဒီခြင်တွေကို မီးခိုးတိုက်ပြီးတစ်မျိုး၊ ခြင်ဆေးခွေနဲ့ တစ်ဖုံ၊ ခြင်ရိုက်တံနဲ့ တစ်ခါ မရိုးနိုင်အောင် နှိမ်နင်းခဲ့ပေမယ့် သူတို့ရဲ့ မျိုးပွားနှုန်းကိုတော့ နေက်ဆုံး ငါတို့တစ်အိမ်လုံး အသိအမှတ် ပြုလို့ အရှုံးပေး လိုက်ရတယ်။ ဒါနဲ့ပဲ ခေါင်းရင်းက ပြတင်းပေါက်ဟာ ရာသက်ပန်နီးပါး အမြဲလို ပိတ်မိလျက်သား ဖြစ်နေတာ ပေါ့။ ဒီလို ပြတင်းပေါက်ပိတ်လိုက်လို့ ခြင်တွေရန်က ဝေးပြီလို့တော့ပြောလို့မရပါဘူး။ ညနေဘက် နည်းနည်းကလေးမှောင်လာပြီဆိုရင်ပဲ ခြင်တွေဟာ နေရာတကာ ဥဒဟို ပျံချင်သလိုပျံပြီး သူတို့ပြုသမျှ နုရတော့တာပါပဲ။ ဒါကြောင့် ငါဆိုရင် ခြင် ဆေးခွေမထွန်းဘဲ အခန်းထဲမှာ နှစ်မိနစ်ုပြည့် အောင်မနနိုင်ဘူး။ ညနေ အလုပ်ဆင်းလို့ အိမ်ရောက်တာနဲ့ ခြင်ဆေးခွေကို အရင်ရှာရတော့တာပဲ။

ငါ့အခန်းက ငါတို့အိမ်​ရဲ့ အ​နောက်​ဘက်ဆုံးအခြမ်းမှာရှိတာ။ အမြဲတမ်းလိုလို ​မှောင်​​နေတတ်​တယ်​။ ကျဉ်းတယ်​လို့ မဆိုသာ​ပေမယ့်​ ကျယ်​တယ်​လို့လည်း မဟုတ်​ဘူး။ အခန်းထဲမှာ​တော့ အဝတ်​လှမ်းစဉ်​တစ်​ခု၊ ကုတင်​တစ်​လုံး၊ စာအုပ်​ဘီဒိုတစ်​လုံး၊ ​လျှော်​စရာ အဝတ်​​တွေထည့်​ဖို့ ​တောင်းတစ်​ခု ဒါပါပဲ။ ​လေဝင်​​လေထွက်​ မရှိဘူးရယ်​။ ​နောက်​ပြီး မျက်​နှာကျက်​က မီးလုံးကလည်း ​ကောင်း​ကောင်းသိပ်​မလင်းချင်​ဘူး၊ ဒါ​ပေမယ့်​ အသစ်​လှဲစရာလိုတဲ့ အဆင့်​အထိ​တော့ မဟုတ်​ဘူး​ပေါ့။ အခန်း​ခြေရင်း တံခါး​ပေါက်​နားမှာ ​ရေခဲ​သေတ္တာ အပျက်​တစ်​လုံးရယ်​၊ ဖိနပ်​စဉ်​တစ်​ခုရယ်​၊ အသုံးမလို​တော့​ပေမယ့်​ လွှင့်​ပစ်​လို့မရ​သေးတဲ့ ပစ္စည်း၊ ပစ္စယ​တွေ ရှိတယ်​။ ​သောက်​​ရေဗူးတစ်​ဗူးရှိတယ်​။ ဒါပါပဲ။ ဘာမှ တန်​ဖိုးကြီး ပစ္စည်းရယ်​လို့​တော့ မရှိပါဘူး။ ငါ့အခန်းထဲ ဝင်​လာရင်​ နည်းနည်း​တော့ ညှင်းသိုးသိုးဖြစ်​လိမ့်​မယ်​။ ဒါ​ပေမယ့်​လည်း ခဏပါပဲ။ ​နောက်​ပိုင်း​တော့ ယဉ်​သွားတာပါပဲ။

          တကယ်တမ်းကျတော့ ငါလည်း အိမ်သိပ်ကပ်တဲ့ကောင်တော့ မဟုတ်ပါဘူး။ တနလာင်္၊ စေနေ ဆိုရင် သူလိုကိုယ်​လိုပါပဲ တစ်နေ့တစ်နေ့ ရုံးတက်ပေါ့။ ရုံးတက်တယ်ဆိုတာကလည်း အခက်သားပဲ မဟုတ်လား။ ကိုးနာရီ အလုပ်စဆင်းဖို့ ခုနစ်နာရီထွက်တဲ့ ကားအမီလိုက်ရတာမျိုးလေ။ အဲသည်လို ခုနစ်နာရီကား အမီလိုက်စီးနိုင်အောင် ခြောက်နာရီခွဲ နောက်အကျဆုံး အိပ်ယာထ ပြင်ဆင် ရတာမလား။ဒါ​တောင်​ အိမ်​မှာ ထမင်းဟင်း​ချက်​​ပေးမယ့်​သူ ရှိ​နေလို့သာ​ပေါ့။ ညနေကျတော့ကော ဘာထူးသေးလဲ။ ရုံးဆင်းပြီး သင်တန်းလေးဘာလေး ပြေးရ သေးတာ။ ဒီလိုမှ မပြေးလဲ ရတဲ့လစာက တက်မလာနိုင်ဘူးလေ။ ထားပါတော့။ ဒီတော့ အိမ်ပြန် ရောက်ရင် ရှစ်ခွဲ၊ကိုးပေါ့။ ထမင်းစား၊ ရေချိုး၊ ခဏနားရင်ပဲ ဆယ်နာရီနားကပ်လို့။ မအိပ်ခင်လေး ဖေ့ဘုတ်သုံးချင်လည်း သုံး၊ တစ်ခါတစ်လေ ဂိမ်းဆော့ရင် ဆော့။ စာအုပ်လေးဘာလေး အပြင်းပြေ ဖတ်တဲ့အခါလည်း ဖတ်ပေါ့။ ဒီလိုနဲ့ ညက ၁၂ နာရီလောက်တော့ အသာလေးပဲ။ ဘယ်မှာ ပြတင်းပေါက်ဖွင့်ချိန်ရတော့လို့လဲ။

          ငါအိမ်က မြောက်ဒဂုံမှာပါ။ အဲ ငါ့အိမ်လို့သာပြောတယ်။ ငါပိုင်တဲ့အိမ်ရယ်လို့တော့ မဟုတ်ရေးချ လုံးဝမဟုတ်ပါဘူး။ အမွေဆိုင်လားဆိုရင်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ငါနေသေးသမျှတော့ ငါ့အိမ်ပဲ ပေါ့။ ငါတို့ရပ်ကွက် လမ်းတွေထဲမှာတော့ တိုက်ပုကလေးတွေ၊ အမြင့်ဆုံးဆို နှစ်ထပ်တိုက်တွေတော့ ရှိတာပေါ့။ ပျဉ်ထောင်အိမ်လေးတွေ၊ တဲအိမ်ကလေးတွေအပြင် အငှါး အိမ်တန်းလျားတွေလည်း ရှိတယ်။ ကားပိုင်တဲ့အိမ်ဆိုလို့ တစ်လမ်းလုံး ဟိုနားတစ်အိမ်၊ ဒီနားတစ်အိမ်လောက်ပါပဲ။ တစ်ရပ်ကွက်လုံး မှာမှ လေးငါးအိမ်လောက်ပါပဲ။ ရပ်ကွက်ထဲက အများစုကတော့ ကော်လံပြာဆိုတဲ့ လူတန်းစားတွေ အများစုပါပဲ။ သူတို့ကို သူတို့ ခေတ်ပညာတက်လို့ ပြောပြောနေတဲ့ လူလတ်တန်းတွေလည်း အနည်း ကျင်းတော့ရှိပါတယ်။ ငါကတော့ ဒီရပ်ကွက်ထဲမှာ အသားကျနေပါပြီ။ ရပ်ကွက်ထဲက နောက်ပေါက် ချာတိတ် ပေဘိကလေးတွေကလွဲရင် မျက်မှန်းတမ်း မမှတ်မိတဲ့သူက ရှားပါတယ်။ တစ်ခြားရပ်ကွက်က ပြောင်းလာတဲ့သူ တစ်ချို့တစ်လေက လွဲရင်ပေါ့။ ငါ့ ခေါင်းရင်းက ပြတင်းပေါက်က မှန်ပြတင်းပေါက်ဆို တော့ ခေါင်းရင်းအိမ်ကို လှမ်းမြင်ရတယ်။ ခေါင်းရင်းအိမ်ဆိုတာက အခုဏက ငါပြောတဲ့ ကားပိုင်တဲ့အိမ် လေး၊ ငါး အိမ်ထဲက တစ်အိမ်။ ခေတ်ပညာတက် လူလတ်တန်းထဲကလို့တော့ ထင်ရ တာပဲ။ တစ်ခါတစ်လေဆို အဲသည်အိမ်က မုန့်တွေ၊ ဟင်းတွေ လာလာပို့တက်တယ်။

          အရင်ကဆိုရင် ငါ အဲသည်လို အမြဲတံခါး ပိတ်နေတတ်တဲ့သူတော့ မဟုတ်ပါဘူး။ အခုကတော့ နေသားကျနေပါပြီ။ တစ်ခါတစ်လေ ရုံးပိတ်တဲ့ ရက်တွေဆိုရင် ငါက မနက်ကို ရှစ်နာရီကျော်လောက်မှ အိပ်ယာထတယ်။ ဒါကိုလည်း ဘယ်သူကမှ အရေးတယူ ပြောမနေပါဘူး။ စောစောထပြီးတော့လည်း လုပ်စရာမယ်မယ်ရရမရှိပါဘူး။ ရှိလည်း မလုပ်ဖြစ်တာများပါတယ်။ အဲသည်လို ရုံးပိတ်ရက်တွေများဆို ရင် မနက်ခင်းနေရောင်ခြည်က ပြတင်းပေါက်ကနေ မျက်နှာကို လာထိုးတက်တယ်။ အဲလို​နေထိုး​တော့မှ အိပ်ယာက နိုးတာလေ။ အဲသလို နေ့တွေဆိုရင် ငါ ပြတင်းပေါက်ကို တခုတ်တရ သွားသွားဖွင့် တက်တယ်။ ပြတင်းပေါက်ကို ဖွင့်နေရင်းနဲ့လည်း ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲက စာသားတစ်ချို့ကို သွားသွား အမှတ်ရတာပဲ။ ဘယ်စာအုပ်ကလဲဆိုတာကတော့ ငါ့ဦးနှောက်က လိုက်မမှတ်နိုင်တော့ဘူး။ “ပြတင်းပေါက်ကို ဖွင့်ထားလို့ ပန်းရနံ့တွေကို မျှော်လင့်ထားရင် လေပြေနဲ့အတူ ပါလာမယ့် ဖုန်နဲ့ အမှိုက်တွေကိုလည်း လက်ခံထားနိုင်ရမယ်” ဆိုလားပဲ။ သေသေချာချာ တိတိကျကျ မှတ်မိတာမျိုး တော့ဘယ်ဟုတ်ပါ့မလဲ။ ငါ့ဦးနှောက်က မှတ်သားသိမ်းဆည်းရမှာ သိပ်ပျင်းတာ။

          ပြတင်းပေါက်ကို ဖွင့်လိုက်လို့လည်း ငါ့အခန်းက သိသိသာသာကြီး လင်းလာတာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ရုံးပိတ်ရက် အိမ်မှာ ရှိနေတဲ့ နေ့လည်နေ့ခင်းတွေဆိုရင် ငါက ပြတင်းပေါက်ကို အမြဲဖွင့်တက်တယ်။ အနည်းဆုံးတော့ အသက်ရှုရတာ နည်းနည်းလောက်ဖြစ်ဖြစ် လွတ်လပ်​သွားသလို ခံစားရလို့လည်း ဖြစ်နိုင်ပါတယ်။ အိမ်ခေါင်းရင်းက ခြံစည်းရိုးနဲ့ အရမ်းကပ်နေပြီ။ ဟိုဘက်ခြံထဲက သရက်ပင်သုံးပင်က ငါ့ ခေါင်းရင်း ပြတင်းပေါက်အရှေ့ တည့်တည့်မှာ။ ဒါကြောင့် ပြတင်းပေါက်ကနေ အလင်းတွေ သိပ်ပြီး မဝင်နိုင်တာလေ။ အဲသည် သရက်ပင် သုံးပင်ကို ကျော်ပြီးကြည့်မယ်ဆိုရင်တော့ ခေါင်းရင်းအိမ်က ရေတိုင်ကီရှိမယ်။ နောက်ပြီး ကိုက္ကိုလ်ပင်တွေ၊ မှို့ပင်တွေ၊ ခြုံနွယ်​တွ၊ ငါ နာမည်မသိ တဲ့အပင်တွေရှိတယ်။ ခြင်တွေ ဒီလောက်များနေတာကလည်း ဒီခြုံတွေကြောင့်ဖြစ်မယ်ထင်တယ်။ ဘယ်သူကမှလည်း ကိုယ့်အိမ်နောက်ဖေးကို ရှင်းကြလင်းကြတာလည်း မတွေ့မိပါဘူး။ ဒါကြောင့် ပြတင်းပေါက်ဖွင့်ပြီး ထိုင်ဖီးလ်နေလို့တော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အိမ်ကလူတွေဆိုရင် အဲသည် ပြတင်းပေါက်ကိုရှိတယ်လို့မှ သိကြသေးရဲ့လားလို့ အရည်မရ အဖတ်မရ ငါ ခဏခဏ တွေးဖူးတယ်။

          စာမဖတ်တဲ့သူဟာ ပြတင်းပေါက် မရှိတဲ့ (ပိတ်ထားတဲ့) အိမ်တစ်လုံးနဲ့ တူတယ်လို့ ငါ ငယ်ငယ် တုန်းက ဆရာမတွေ ပြောပြဆုံးမတာ ခဏခဏကြားရဖူးတယ်။ အခု ငါတို့ အိမ်က ပြတင်းပေါက်က တော့ အမြဲလိုလို ပိတ်ထားတာပဲ။ ဖွင့်လိုက်​တော့လည်း ပန်းရနံ့တွေ၊ လေပြေလေညှင်းလေးတွေတော့ ရောက်လာစရာအကြောင်းမမြင်ဘူး။ သေချာတာကတော့ ခြင်တွေ အုံလိုက်ကျင်းလိုက်နဲ့ ဝင်လာမယ်​ဆိုတာပါပဲ။ ဒါကြောင့် ဒီပြတင်းပေါက်က ဘာမှ အရေးမပါဘူးလေ။ ဒီအိမ်ဆောက်တဲ့ လက်သမားဆရာက ဘယ်လို ရည်ရွယ်ချက်နဲ့ ဒီပြတင်းပေါက်ကို လုပ်ထားခဲ့လည်းဆိုတာတော့ ငါလည်းမသိဘူး။ ဒီအိမ်သူ အိမ်သားတွေ ခြင်ကိုက်ပါစေ ဆိုတဲ့ စေတနာစိတ်နဲ့တော့ မဟုတ်တန်ပါဘူး။ ဒီနေ့ အခုလို ဒီပြတင်းပေါက်ကြောင့် အိမ်မှာ ဒုက္ခရောက်နေတာ အဲသည် လက်သမားသိရင် ဘယ်လိုနေမလဲ ဆိုတာတော့ ငါလည်း မတွေးတက်ပါဘူး။ သွားဖြီးပြီး ပြုံးနေမလားပဲ။ 

 ဒီလိုနဲ့ ငါလည်း ခြင်ကိုက်ခံရတဲ့ ကိစ္စကို ရေးကြီးခွင်ကျယ်လုပ်လို့ ပြတင်းပေါက်ကို အပြစ်တင်နေလိုက်တာ ကိုယ့်အခန်းကို သန့်ရှင်းရေး မလုပ်ဖြစ်တော့ဘူး။ ငါ့အခန်းကတော့ အမြဲရှုပ်ပွနေတာ။ အိမ်ကလူတွေ အမြင်မတော်လို့ ရှင်းပေးလည်း ခဏပဲ။ ကြာလာတော့ ဘယ်သူမှ သန့်ရှင်း​ရေးလုပ်မပေးတော့ဘူး။ ငါကလည်း ငါပဲ။ ဒီလို ရှုပ်ရှုပ်ပွပွ နေရတာကို မသိစိတ်ကဘဲ ကြိုက်နေတာများလားပဲ။ အခန်းထောင့်က တစ်ပတ်လုံး ဝတ်ထားတဲ့ အဝတ်ထုပ်ကို ယူတော့ အလားလား ခြင်တွေ ခြင်တွေဆိုတာ …………..။  ။




ဗန်ခိုမှိုင်း (22.01.2019) 3:25 PM
         

          

Tuesday, January 8, 2019

ရှိုက်သံသဲ့သဲ့

            “ရော့ရေဂင်။ သီချင်းသေချာလိုက်ဆို။ မမ အိပ်ရေးပျက်ခံပြီးရေးပေးထားတာ” ဟုဆိုကာ ကျွန်တော့်ရင်ဘက်ထဲကို ပစ်ပေးလိုက်သည့် ဒွေး၊ထက်ထက်မိုးဦးပုံ အဖုံးနှင့် Arrow ဗလာစာအုပ်လေးအား ကျွန်တော်ဘယ်နှကြိမ်၊ ဘယ်နှခေါက်မျှ တယုတယ နမ်းရှိုက်မိသည် ဆိုသည်ကို မရေနိုင်၊ အတွက်နိုင်အောင်။ ခရစ္စမတ်မတိုင်မီ ကယ်ရိုသီချင်းများ ထွက်ဆိုရန် ဘုရားကျောင်းတွင် စနေညတိုင်း လူငယ်များ သီချင်းတိုက်သည့် အစီအစဉ်ကြောင့် ကျွန်တော်ဟာ မမကို တစ်ပတ်နှစ်ကြိမ်တော့ ဖူးမျှော်ခွင့်ရခဲ့ပါသည်။ မမသည် လှသည်ဟု မကြခဏဆိုသလို ဘုရားကျောင်းမှ အစ်ကိုကြီးများပြောသည်ကို ကြားခဲ့ရပါသည်။ မိန်းမတစ်ယောက်၏ ခန္ဒာကိုယ်ကောက်ကြောင်းများအား ခံစားနိုင်စွမ်းမရှိသေးသည့် ကျွန်ုပ်အဖို့ မမသည်တီဗွီမင်းသမီး ထက်ထက်မိုးဦး၊ ရတနာခင်၊ နန္ဒလှိုင်တို့ထက်လှသည်ဟု ယုံကြည်မိပါသည်။ ထို့အပြင် မမမှာ အသံကောင်းသည်။ တနင်္ဂနွေနေ့ ဘုရားရှိခိုးရသည်ကို ကျွန်တော် ပျင်းရိသော်လည်း မမသီချင်းထွက်ဆိုသည့်အချိန်ကိုမူ ကျွန်တော်မပျင်းနိုင်ပါ။ ဘုရားကျောင်း ပုလ္လင်ရှေ့တွင် ဘုရားရှိခိုး သီချင်းဦးဆောင် နေသည့်မမသည် ကျက်သရေရှိသည်။ တရားဟောပုလ္လင်ထက်က ပန်းများမှာ မမကြောင့် အရောင်မှိန်နေရသည်ဟု ကျွန်တော်တထစ်ချ ယုံကြည်မိပါသည်။ မမသည် အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်းနှင့် ကြည်လင်ပြတ်သားသည့် မျက်လုံးတစ်စုံကို ပိုင်ဆိုထားသူဖြစ်သည်။ အနေအထိုင် သိမ်မွေ့သည်။ စကားပြော ချိုသည်။ သီချင်းဆို အလွန်ကောင်းသည်။

          ထိုအချိန်က မမသည် (၈)တန်းကျောင်းသူအရွယ်သာ ရှိသေးပြီး ကျွန်တော်က (၄)တန်းအရွယ်သာ ရှိပါသေးသည်။ အဆောာင်တွင် နေကြသည့် ကလေးများကြား၌ ကျွန်ုပ်မှာ စာတော်သည့်ကလေးဖြစ်ခြင်းကြောင့် မမသည် ကျွန်ုပ်အား အခြားရွယ်တူကလေးများထက် ချစ်သည်။ အလိုလိုက်သည်။ အတန်းထဲတွင် အဆင့် (၂) ရခဲ့ခြင်းကြောင့်လည်း ခရစ္စမက်သီချင်းများအား ဒိုင်ခံကူးပေးခဲ့ခြင်းလည်း ဖြစ်သည်။ သို့သော် ပုံပြင်နားထောင်ရခြင်းလောက်သာ ခုံမင်ကာ သီချင်းဆိုအလွန်ပျင်းသည့် ကျွန်ုပ်မှာ သီချင်းမရသဖြင့် မမနှင့်အတူ ကယ်ရိုထွက်ခွင့်ရမယ့် အခွင့်အရေးအား လက်လွှတ်ခဲ့ရပါသည်။ ထို ဒွေးနှင့် ထက်ထက်မိုးဦးပုံပါ ဗလာစာအုပ်တွင် ခရစ္စမက်သီချင်း စုစုပေါင်း (၆၅) ပုဒ်ပါဝင်ပြီး နောက်ဆုံးအပိတ်တွင် မောင်လေးရေဂင်အတွက် မမရဲ့ ခရစ္စမက်လက်ဆောင် ဟူ၍ စာတိုကလေး ရေးထားပါသည်။ ထိုကြောင့် ကျွန်ုပ်ကြိုးစားခဲ့သည်ထင်ပါ၏ မြို့နယ်ကျောင်းပေါင်းစုံ ဖြေဆိုသည့် စာပေးပွဲတွင် တတိယဆု ထပ်မံရရှိခဲ့ပါသည်။

          ထို့နောက် ကျွန်ုပ် (၅) တန်းတက်ချိန်တွင်တော့ မမသည် ချစ်သူထားတတ်လာပါသည်။ မမ၏ ချစ်သူမှာ ဘုရားကျောင်းတွင် မမနှင့်အတူ သီချင်းဦးဆောင်သည့် ဆရာတစ်ဦးဖြစ်ပြီး ပုံပြော အလွန်ကောင်းသောကြောင့် ကျွန်ုပ်တို့ ကလေးတစ်သိုက် အလွန်ချစ်ခင်သူ တစ်ဦးလည်းဖြစ်ပါသည်။ အဆိုပါ ဆရာမှမမအား ရည်းစားစာသော်လည်းကောင်း၊ ချိန်းတွေ့ရန် ကစားမှာလိုသော်လည်းကောင်း ကျွန်ုပ်အား စေခိုင်းတတ်သည်။ ကျွန်ုပ်သည် စာတော်၍ လိမ်မာသည့် ကလေးမဟုတ်ပါလား။ သို့သော် အဆောင်မှူး ရှိနေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ကျွန်ုပ်သည် ထိုစာများကို ၀ါးစား၍ဖျောက်ဖျက်ပစ်ခဲ့သည်မှာလည်း အကြိမ်ကြိမ်။ မမသည် မူလက စာတော်သည့် ကျောင်းသူတစ်ဦးဖြစ်ခဲ့ပါသည်။ ထို့အပြင် လိမ္မာရေးခြားရှိ၍ သင်းအုပ်ဆရာနှင့် အခြား ဆရာများ၏ ချီးမြောက်ခံရသည့် ကျောင်းသူ တစ်ဦးလည်းဖြစ်ပါသည်။ ရည်းစားထားပြီးသည့်နောက်တွင် လပတ်စာမေးပွဲ မဖြေနိုင်၍ ကျောင်းမှ အုပ်ထိန်းသူအား ဆင့်ခေါ်ခံခဲ့ရသည် အထိ အခြေအနေ ဖြစ်လာခဲ့ပါသည်။ တစ်ခါတစ်ရံတွင် မမရည်းစားထားသည်ကို အဆောင်မှူးအား တိုင်ကြားလိုသော်လည်း မမအရိုက်ခံရမည်ကို စိုး၍သော်လည်းကောင်း၊ မမ၏ချစ်သူဆိုသူဆရာမှ ထိုးကြိတ်မည်ကိုသော်လည်းကောင်း ကြောက်၍ ထိုစိတ်ကူးများမှာ လက်တွေ့ဖြစ်မလာခဲ့ပါချေ။

          အလှတရားသည် လက်နက်တစ်ခုဖြစ်သည်ဟူသည့် အတွေးစာစုကို မမသည် သိနိုင်လေဟန်မတူခဲ့ပေ။ လက်နက်ဆိုသည်မှာအသုံးချနိုင်ပါက အောင်မြင်မှုကို ပေးစွမ်းနိုင်သော်လည်း အသုံးမချနိုင်ပါမူ မိမိအား အန္တရာယ်ပြန်လည် ပြုနိုင်သည်ကို ဆိုလိုခြင်း ဖြစ်သည်။ ငှက်များတွင် ဒေါင်း၊ကြက်တူရွေးငှက်များမှာ သာမာန်ထက်ထူးခြားလှပသည့် အရောင်အသွေးရှိသည့်ငှက်များရှိသည်။ ထိုထူးခြားသည့် အရောင်အသွေးကြောင့်ပင် အဆိုပါ ငှက်များမှာ လှောင်အိမ်ထဲတွင်နေထိုင်ရပြီး ပျံသန်းခွင့်ကို စွန့်လွှတ်ခဲ့ရသလို အလှမွေးငါးများမှာ လည်း ၎င်းတို့၏ လှပသည့် အရောင်အသွေးကြောင့်ပင် လွှတ်လပ်ခွင့်ကို ဆုံးရှုံးခဲ့ရသည် မဟုတ်ပါလား။ မမသည် လျှောင်အိမ်ထဲက ကြက်တူရွေးဖြစ်သည်။ မှန်ပေါင်ထဲက ရွှေငါးကလေး တစ်ကောင်ဖြစ်သည်။
ကျွန်ုပ် (၅)တန်းအောင် (၆)တန်း မတက်မီတွင် သတင်းဆိုးတစ်ခုကို ကြားသိခဲ့ရပါသည်။ မမမှာ ကိုယ်ဝန်ရရှိနေသည်ဆိုသည့် သတင်းဖြစ်ပါသည်။ ထိုသတင်းကြားရသည့် နောက်တွင် မမနေသည့် အဆောင်သို့ သွားရောက်ခဲ့သော်လည်း မမမှာ အဆောင်တွင် ရှိမနေတော့ဘဲ အဆောင်မှူးအိမ်တွင် အိမ်ပြင်မထွက်ရအမိန့်ဖြင့် ရောက်ရှိနေကြောင်းသိရပါသည်။ အဆောင်မှူးအိမ်သို့ ရောက်ရှိချိန်တွင် အပေါ်ထပ်မှ မမ၏ ရှိုက်ငိုသံ သဲ့သဲ့ကို အတိုင်းသားကြားရပါသည်။ ထို ရှိုက်သံများသည် ကျွန်ုပ်အတွက် ခြောက်ကပ် အိမ်မက်များဖြစ်လာခဲ့သည်။ လူစီဖာ၏ လှောင်ပြောင် သရော်သံဟု ထင်မိပါတော့သည်။ သို့သော် မမနှင့် မမ၏ချစ်သူတို့၏ ဇာတ်လမ်း မှာထိုနေရာတွင်သာ အဆုံးသတ်ခဲ့ရပြီး မမ၏ ချစ်သူမှာ မိဘများ၏ သဘောထားကို လွန်ဆန်နိုင်ခြင်းမရှိဘဲ မမမှာ သူ၏မိဘများရှိရာသို့ တစ်ကိုယ်တည်း ထွက်ခွါခဲ့ရပါသည်။

          နောက်ပိုင်းတွင်မူ မမနှင့် ပတ်သက်သည့် သတင်းတစ်စုံတရာကိုမျှ မကြားရတော့သည်မှာ ယနေ့ထက်ထိဖြစ်ပါသည်။ မည်သို့ ပင်ဆိုစေကာမူ အထက်တန်းကျောင်းသူလေးများ ရည်းစာသနံထားသည်ကို တွေ့မြင်ရသည်ရှိသော်လည်းကောင်း၊ ခရစ္စမက်သီချင်း သံများကြားရသည်ရှိသော်လည်းကောင်း တစ်ချိန်က မမပုံရိပ်နှင့်အတူ မမ၏ရှိုက်သံ သဲ့သဲ့အား ပြန်လည်အမှတ်ရမိပါတော့သည်။




ဗန်ခိုမိုင်း

Sunday, January 6, 2019

ဖြေးဖြေးနှေးနှေး အပြေးပွဲ


နေရောင်ခြည်သည် ကျွန်ုပ်မျက်နှာပေါ်သို့ ၄၅ ဒီကရီအနေအထားမှ လာရောက်ထိတွေ့နေသည့်အချိန်တွင် အိပ်ယာ နံဘေးတွင်ဖွင့်ထားသည့် Bryan Adams ၏ Baby when you gone သီချင်းသံမှာ ရှစ်ကြိမ်မြောက် ထွက်ပေါ် လာခြင်း လည်းဖြစ်သည်။ စူးရှရှ နေရောင်ကို ကာကွယ်နိုင်ရန် ပြတင်းပေါက်ကို ပိတ်မည်အပြုတွင်ပြတင်းပေါက်ဘောင်ပေါ်၌ အိပ်စက်နေသည့် ပေါက်စကြာင့် မူလအစီအစဉ်အား ပြန်လည်တွေဝေနေမိသည်။ ပေါက်စဆိုသည်မှာ အိမ်တွင်မခေါ်ဘဲရောက်လာသည့် ကြောင်ပေါက်စ ကလေးဖြစ်သည်။ ထူးထူးခြားခြားဖြစ်မည့် နာမည်အမျိုးမျိုးး စဉ်းစားခဲ့သော်လည်း နောက်ဆုံးတွင် ပေါက်စဟူသည့် အမည်နာမသည်သာ သူ့အတွက် ကိုယ်ပိုင် အမှတ်တံဆိတ်ဖြစ်လာခဲ့သည်။ ကျွန်ုပ်သည် ကြောင်အလွန်ချစ်တက်သူ မဟုတ်သော်လည်း ကြောင်အလွန်ချစ်တတ်သည့် နာမည်လေးလုံးနှင့် ကောင်မလေးတစ်ယောက်အား အလွန်စွဲလမ်းခဲ့ဖူးပါသည်။ ပေါက်စအား အသာတကြည် ပွေ့ချီယူရန်  အနားကပ်ချိန်တွင်….. ပြတင်းပေါက်ဘောင်ပေါ်မှ ခုန်ဆင်းသွားပြီဖြစ်သည်။

 ထိုကြောင့်ပင် ကြောင်အလွန်ချစ်တတ်သည့် ကောင်မလေး၏ ပုံရိပ်လွှာအချို့သည် ပြတင်းပေါက်မှ နေရောင်ခြည် ကဲ့သို့ပင် အတွေးအာရုံထဲတွင် စူးစူးရှရှဝင်ရောက်လာသည်။ မည်သို့မေ့ပျောက်ရပါအံ့။ ယင်းသို့ဖြင့် ပြတင်းပေါက်ဘောင်ပေါ်တွင် လက်တင်၍ အတိတ်၏အရိပ်များထဲတွင် ပြန်လည်စီးမျောနေချိန်တွင်

ဆောင်းဘောက်မှ ဘရွိင်ရန် အာဒမ်၏ သီချင်းသံမှာကိုးကြိမ် မြောက် ထပ်မံထွက်ပေါ်လာခဲ့သည်။ မှန်ပါသည်။ ကျွန်ုပ်သည် အရာရာတွင် နှေးကွေးလေးလံလွန်းသည်။ အရာရာတွင် သူများနောက်မှ နောက်ကျနေတက်ခြင်းမှာလည်း ကျွန်ုပ်၏ ကိုယ်ပိုင်အမှတ်တံဆိပ်ကဲ့သို့ပင်။ ယခုဖွင့်လျက် နားထောင်နေသည့် baby when you gone သီချင်းသည်ပင် လွန်ခဲ့သည့် အနှစ် နှစ်ဆယ် (၁၉၉၈) ခုနှစ်တွင် နာမည်ကြီးခဲ့သည့် သီချင်းဖြစ်သော်လည်း ၂၀၁၈ နှောင်းပိုင်းရက် များတွင် ကျွန်ုပ်နားထောင်ဖြစ်ခဲ့သည်။ ထို့အတူ ယခုဖတ်လက်စ ဝေးလွင့်ကင်းကွာ နှစ်တစ်ရာဆိုသည့် ဆရာသင့်လူ၏ ဘာသာပြန် စာအုပ်ကိုလည်း ဒုတိယ အကြိမ်ပြန်လည်ထုတ်ဝေမှသာ သိခွင့်ရခဲ့သည်။ စိုင်းထီးဆိုင် သီချင်းများ၊ ခင်မောင်တိုး သီချင်းများ၊ ထူးအိမ်သင် သီချင်းများကိုလည်း ခံစားတက်ခဲ့သည်မှာ နောက်ကျခဲ့သည်ဟု ထင်သည်။ နောက်ကျခဲ့သမျှတွင် ကြောင်အလွန်ချစ်သည့် နာမည်လေးလုံးနှင့် ကောင်မလေးအား “ငါ နင့်ကို ချစ်တယ်”ဟု ကျွန်ုပ်ပါးစပ်မှ တစ်ထောင့်ငါးရာတန်ဖုန်းဖြင့်မဝင့်မရဲ ဖွင့်ပြော ခဲ့ချိန်သည် အစစ အရာရာ နောက်ကျခဲ့ပြီဖြစ်သည်။

နောင်တဆိုသည်မှာ နောင်မှရ၍ နှစ်ထပ်ရှိမှ မှတ်မိသည်ဟု မှတ်သားမိပါသည်။ သို့သော်လည်း အမှတ်သညာ မရှိသည့် ကျွန်ုပ်သည် နောက်ကျမြဲ၊ နောက်ကျဆဲ။ အကြိမ်အကြိမ်အထပ်ထပ် မည်မျှပင်ရှိစေကာမူ မှတ်မိနိုင်သည့် မှတ်ညာဏ်သည် ကျွန်ုပ်တွင်ရှိမနေခဲ့ပေ။ လည်ပင်းဖက်၍ပေါင်းလာခဲ့ကြသည့် 

ငယ်ပေါင်းများသည်ပင် အခြေတကျဖြင့် အနေလှသူလည်း လှနေပြီ ဖြစ်သည်။ တစ်ခရီးတည်းသွား၍ တစ်လှေတည်းစီးကြသူများကိုပင် လက်လှမ်း၍မမှီနိုင်တော့။ အမှန်တကယ် လက်တွေ့ဘဝတွင် ကြောင်စီစီမျက်လုံး၊ မထုံတက်သေး အမူအရာများမှာ များစွာအသုံးကျလှသည့် အရာများမဟုတ်ပေ။ အသိပညာတို့မည်သည် မည်မျှပင် ရှိစေဦးတော့ အသုံးပြုတန်ဖိုးမရှိလျှင် ဘာမှအရာမဝင်သကဲ့သို့ပင် ချစ်ခြင်းမေတ္တာသည်လည်း မည်မျှပင် ရင်ဘက်ပေါက်လုမတက် ရှိစေကာမူ အပြန်အလှန်မရှိပါက အချည်းနှီးပင်ဖြစ်သည်မဟုတ်ပါလေ။ သို့သော် ကျွန်ုပ်သည် အိပ်ယာထနောက်ကျခြင်းကို ယနေ့ ထက်တိုင် ပြုပြင်ရန်မကြိုးစားခဲ့ပါ။ အချိန်သည် 

ကမ္ဘာကြီးကဲ့သို့ပင် ဝိုင်းကြီးပတ်ပတ် ဒူဝေဝေလှည့်လည်တတ်သည်ဟု စာအုပ်များ မှ မှတ်သားသိရှိရခဲ့ဖူးပါသည်။ အကယ်၍ အချိန်ရထား တစ်ပတ်ပြည့်ချိန်နှင့် ကြုံကြိုက်လာလျှင် သူမ နဖူးပြင်အား နှုတ်ခမ်းများဖြင့် ထိတွေ့ခွင့်တော့ ရရှိနိုင်ပါလိမ့်မည်လေ။ အရေးကြီးသည်မှာ မျှော်လင့်ချက်များ သေဆုံးမသွားရန်ပင်ဖြစ်သည်ဟု လုံးဝဥသုံ ယုံကြည်မိပါသည်။

ရှေ့ရောက်သောသူနှင့် နောက်မှရောက်သောသူသည် အတူတူပင်ဖြစ်သည်ဟု သမ္မာကျမ်းစာက ဆိုပါသည်။ "ထိုသူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်ရလတ္တံ" ဟူ၍ ဆိုပါသည်။ အရေးကြီးသည်မှာ ခရီးဆုံးထိ လမ်းမလွဲရန်သာ။ ခရီးမဆုံးမီ အလံမလှဲရန်သာ၊ 

ကိုယ့်ပန်းတိုင်ကိုယ်သိရန်သာ မဟုတ်ပေဘူးလား။ အပြေးပြိုင်ပွဲ တစ်ခုတွင် ဖြေးဖြေးနှေးနှေးခရီးနှင်ခြင်းဖြင့် လျှင်မြန်ဖျတ်လတ်သည့် ယုန်အားအနိုင်ယူခဲ့သည့် လိပ်သူရဲကောင်းပုံပြင်ကိုလည်း နားရည်ဝခဲ့လိမ့်မည်။ ထိုမျှ ရိုးရှင်းသည့် လူ့လောကသည် လူတို့၏ လောဘ၊ မောဟ၊ ဒေါသများကြောင့် ရှုပ်ထွေးရမြဲပင်။ ကောင်းရေးထက် မြန်ရေးက အရေးကြီးတတ်သည်။ မနက်ခင်း အလုပ်နောက်မကျရန် ပြေးရသည်။ ဝမ်းတစ်ထွှာအရေးအတွက် ပြေးရသည်။ အောင်မြင်မှုအတွက် ပြေးရဦးမည်။ ပေါင်းသင်းဆက်ဆံရေး တည်မြဲနိုင်ရန်၊ နာမည်ကောင်း ရရှိရန်၊ ထင်ပေါ်ကျော်စောရန်၊ ရာထူးတိုးရန်၊ မျက်နှာမပျက်ရန်၊ လူပေါ်လူဇော်လုပ်ရန်၊ သူတစ်ပါးအောက် ဦးမကျို့ရန်ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ ပြေးကြရသည်။ ဘဝသည် မာရသွန်ပြေးပွဲနှင့်မတူ တာတိုးပြေးပွဲနှင့်ပင် တူနေတော့သည်။ မြန်ရမည်၊ မှန်ဖို့တော့ လိုချင်မှ လိုပါလိမ့်မည်။ နောက်ကျသည့် ခြေထောက်သည်ပင် သစ္စာဖေါက်ဟု ယိုးစွပ်ကြပြီမဟုတ်ပါလား။ အရာရာ တွင်လက်ဦးသူတို့ ကြီးစိုး ကြပြီမဟုတ်ပါလား။ နေ့စဉ်နှင့်အမျှ ပြေးလွားရင်းဖြင့် ဘဝကို ငဲ့စောင်းကြည့်ရန်ပင် မေ့လျော့ခဲ့ရသည်။

ရုတ်တရက် ဝင်လာသည့်ဖုန်းကြောင့် ဖွင့်ထားသည့်သီချင်းသံရပ်တန့်သွားသဖြင့် တွေးလက်စအတွေးများကို ရပ်ကာ ဖုန်းကိုကောက်ကိုင်လိုက်ချိန်တွင် ရုံးမှ အယ်ဒီတာချုပ်၏ ဖုန်းဖြစ်နေသည်။

“ဟလို... အမိန့်ရှိပါခင်ဗျ။”

“ရေဂင်လား။ မနက်ဖြန် ရုံးကို မနက် (၆) နာရီလောက်အရောက်လာခဲ့ပေးပါဦး။ အရေးကြီး ပွဲသွားစရာရှိတယ်။ နောက်မကျစေနဲ့နော်”

“ ဟုတ်ကဲ့ပါ အကို”

ခြေထောက်အောက်တွင် ရောက်နေသည့် ပေါက်စကိုကြည့်တော့ တစ်ညောင်ညောင်ဖြင့် အစာတောင်းနေရှာသည်။ နာရီကြည့်လိုက်ချိန်တွင် မနက် (၁၀း၃၀) ပင်ရှိနေပြီ။ သူလည်း ဆာလှပြီထင်ပါသည်။ ကျွန်ုပ်လည်း ဗိုက်ဆာလှပြီ။ မနက်စာပင် မစားသေးသည့် ကိုယ့်အဖြစ်ကို ပြန်လည် သတိဝင်လာကာ ကောက်ရကို ပွေ့ချီလျက် မီးဖိုချောင်ထဲ ထွက်လာခဲ့ပါတော့သည်။


ဗန်ခိုမှိုင်း (ကစဲ)

=======





        

ကျော်ထွန်း

            ကိုကျော်ထွန်းဆိုရင် ဒီရပ်ကွက်ထဲမှာတော့ မသိတဲ့သူမရှိသလောက်ပဲ။ ဒါပေမယ့် ကျော်ထွန်းဆိုပြီး နာမည်နဲ့လူတွဲအပ်သိတာတော့ မဟုတ်ဘူးပေါ့။ သ...