ဒီမီးဘယ်သူပဲ ရှို့ခဲ့ရှို့ခဲ့
လောင်နေတဲ့မီးကတော့ အရှိန်အဟုန်မပျက်
ဝေဖန်သံတွေ ဆူညံနေတဲ့ လူအုပ်ထဲက
"ဒီမီးက ကြွက်မနိုင်လို့ ရှို့တဲ့ ကျီမီးတဲ့"
"ဒီမီးက ဆပ်ကြွေးတွေ မကုန်နိုင်လို့တဲ့ "
"ဒီမီးကို မရှို့မဖြစ်လို့ ရှို့လိုက်ရတာပါတဲ့"
တစ်ယောက်တစ်ပေါက် အော်နေကြတာပါပဲ
လောင်နေပြီးမှတော့ ဘာကြောင့်လို့ဖြစ်ဖြစ်ပေါ့
ရပ်ကြည့်နေလိုက်ကြရုံပဲမဟုတ်လား။
ရန်သူတော်ငါးပါးအနွယ်ဝင် ဓါတ်ကြီးလေးပါးထဲက
ရှင်တေဇောဟာ သက်ညှာမှုကင်းမဲ့လွန်းတယ်
တဟုန်းဟုန်းထလို့ မာန်ဖီနေလေရဲ့
ကံဆိုလေသူ မောင်ရှင်ကြောင်နက်
စပါးကျီထဲမှာ ကယောက်ကယက်နဲ့
ဒီအချိန်မိုးတွေရွာဖို့ ဆုတောင်းချိန်ပင် မရခဲ့။
ဒါကြောင့် သူဟာ ကောင်းကင်ဘုံကို
အယုံအကြည်မရှိတဲ့သူရယ်လို့
လူအုပ်ကြီးထဲက မျက်မှန်ထူထူနဲ့ လူတစ်ယောက်က ဆိုတယ်။
ကြောင်နက်ရယ်
ငါတို့လည်း ရပ်ကြည့်ရုံက ဘာတက်နိုင်မှာတဲ့လဲ။
ရှင်တေဇောလည်း အမျက်ပြေ
ကျီပိုင်ရှင်လည်း ကျေနပ်ပါစေ
ဒီမီးပူဇော်ပွဲက လက်ခုပ်တီးသူမဲ့လို့
ပြီးခဲ့တာတွေလည်း ပြီးခဲ့ပေါ့
စပါးကျီသစ် ထပ်ဆောက်ရုံလေ။
တွေးလို့မှ မပြီးသေးဘူး
မြေအောက်ထဲမှာတော့ဖြင့် ကြွက်တွေဟာ
ညီလာခံတွေကျင်းပလို့ ဗျူဟာသစ်တွေဆွဲလို့
ဒီသံသရာမှာ ကြွက်တွေဟာ
တစ်ချက်ခုတ်ရင် နှစ်ချက်ပြတ်သတဲ့
စပါးကျီသစ်မှာ ဆန်အသစ်
ရေကန်အသင့် ကြာအသင့်ပဲ။
ငါလည်း လူအုပ်ကြားထဲ့မှာ
ရောယောင်လို့ ပွဲကြည့်ဖြစ်ခဲ့ရုံပါပဲ။ ။
ဗန်ခိုမှိုင်း
#photo : Google
No comments:
Post a Comment