Friday, November 9, 2018

အိမ်အပြန်လမ်း


ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို အိမ်ပြန်ပို့ကြပါတော့။   ။


     ရှေ့တည့်တည့်တွင်ရောက်လာသည့် YBS ပေါ်တွင် အပြိုင်အဆိုင် တိုးဝှေ့တက်နေကြသည့် လူများကိုကြည့်၍ မရည်ရွယ်ပါဘဲ ခေါင်းထဲသို့ အထက်ပါ ကဗျာစာသားများက ရောက်လာသည်။ မှတ်ညာဏ်မကောင်းသည့်အတွက် အဆိုပါ ကဗျာအား မည်သူမည်ဝါ ရေးဖွဲ့ခဲ့သည်ကိုမူမမှတ်မိတော့။(ဆရာတင်မိုးကဗျာ ဖြစ်နိုင်ပါသည်။) ထိုသို့ မဖိတ်ခေါ်ဘဲနှင့် ခေါင်းထဲရောက်လာတတ်သည့် အတွေးပေါင်း သောင်းခြောက် ထောင်များဖြင့် မြက်ခင်းစိမ်းပေါ်တွင် လွယ်အိတ်ဘေးချ၍ ထိုင်နေမိသည်မှာ သုံးလိပ်မြောက် rubby သည်ပင် ဖင်စီတိုနေပြီဖြစ်သည်။ စီးရမည့် ကားမလာသေး၍ တွေးလက်စအတွေးများထဲတွင် အလိုက်တသင့် ဆက်လက်စီးမျောရန်အတွက် နောက်ထပ် rubby တစ်လိပ်ကို အသင့်ထုတ်လိုက်သည်။ မျက်စိရှေ့တွင် ရောင်စုံ၊ အရွယ်စုံ၊ အလွှာစုံ လူများ၊ ကားများ၊ မီးခိုးငွေ့များ။ နေညိုညိုနှင့် တိမ်များကင်းစင်လျက်ရှိသည့် ကောင်းကင်ကြီးကို မည်သူမျှ သတိမထားနိုင်။ တစ်နေကုန်အောင် ကွန်ပျူတာရှေ့တွင် ထိုင်နေခဲ့ရသူအတွက် မျက်စိလွတ်လပ်မှုတွေ လိုအပ်သည်ဟု ထင်ပါသည်။ ထို့ကြောင့်ပင် အကြောင်းမရှိ မြက်ခင်းပြင်ပေါ်တွင် ဆက်လက်ထိုင်နေရင်းမှ ထိုထိုသော အတွေးတို့ဖြင့် လိမ္မော်ရောင်သန်းနေသည့် သဘာဝကောင်းကင် ပန်းချီကားကြီးအား ဆက်လက်ခံစားကြည့်ရှုနေမိတော့၏။ လူကြပ်ကြပ် YBS စီး၍ ကိုယ်စီကိုယ်ငှ ဆိုင်ရာပိုင်ရာ အိမ်ပြန်ချိန်ပင် ရောက်နေပြီမဟုတ်ပါလား။  ဆေးလိပ်ငွေ့များထဲ သက်ပြင်းများ ရောသောပါကုန်ပြီလား မပြောတတ်ပါ။

    မကြာမီ ကျွန်ုပ်သည်လည်း လူကြပ်ကြပ်လိုင်းကားအပေါ် အများသူငါကဲ့သို့ပင် တိုးဝှေ့ရဦးမည်။ ကျွန်ုပ်သည် သွားအစုံအလင် ရှိနေသေးသည့် လူငယ်တစ်ဦးပင်ဖြစ်သော်လည်  ကားမပိုင်သည့် လူမွဲတစ်ဦးဖြစ်သည်။ မြို့နေလူဦးရေနှင့် မြို့ပြ၏ လက်ခံနိုင်အားတို့ ၀န်နှင့်အား မမျှတသည့်ရန်ကုန်တွင် လိုင်းကားပေါ်ထိုင်ခုန်နေရာတစ်နေရာ ရရန်ပင်ခက်ခဲသည်။ လုပ်ငန်းခွင်တွင် ပင်ပန်းရသည်ထက် လိုင်းကားတိုးစီးရသည်ကပင် သာ၍ ပင်ပန်းတတ်သည်။ အိမ်ပြန်ရောာက်လျင် ခြေလက်တို့ မလှုပ်ရှားချင်တော့ လောက်အောင်။ ထိုသို့ တောင်စဉ်ရေမရ အတွေးပင်လယ်တွင်စီးမျောနေစဉ်မှာပင် လူများအား ငါးပိသိပ်၊ ငါးချဉ်သိပ် သယ်ဆောင် လာသည့် YBS တစ်စီး ကျွန်ုပ်ရှေ့ရောက်လာပြီမို့ အတွေးတို့ကို ရပ်တန့်ကာ ကားပေါ်သို့ တိုးဝှေ့တက်လိုက်သည်။ ရန်ကုန်မြို့၏ သဘာဝနေ၀င်ဆီးဆာ အလှပန်းချီကားကို ကြည့်ရှုခံစားရန် အချိန်မပေးနိုင်တော့ပါလေ။ယခုအချိန်တွင် ဆုတောင်းတိုင်းပြည့်နိုင်မည်ဆိုပါက ဒိုင်အိုးဂျီးနပ်စ်ကဲ့သို့ပင် လိုင်းကားပေါ် ထိုင်ခုန်နေရာလိုချင်သည်ဟု တောင်းမိမည်လားမသိတော့။

    ကြိုတင်မျှော်လင့်သည့်အတိုင်း ကားပေါ်တွင် ထိုင်ခုန်နေရာရရန် မဆိုထားဘိ ခြေထောက်နှစ်ချောင်းခိုင်ခိုင်ချရန်ပင် မလွယ်ကူပါ။ သို့သော် ရွေးချယ်စရာမရှိသည့်အတွက် ဖြစ်သမျှတိုင်း အကောင်းချည်းပဲဟု ဖြေသိမ့်လိုက်ရပါသည်။ ထိုသို့ဖြင့် တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့ဆိုသကဲ့သို့ပင် ကားပေါ်မတက်မီ မြင်ရသည့် နေညိုညိုလည်း ပျောက်ကွယ်၊ ကောင်းကင်တွင် အမှောင်အတိဖုံးချိန်မှ အိမ်နှင့် အနီးစပ်ဆုံး ကားမှတ်တိုင်ရောက်ပြီမို့ ကားပေါ်မှ ကသောကရော ဆင်းလိုက်သည်။ မီးရောင်ဖြိုးဖျက် လင်းတ၀က် လမ်းမများက မိမိအား ဆီးကြိုနေသည့်အလား။

    ဒီရပ်ကွက်ထဲ နေထိုင်လာသည်မှာပင် ပြန်ပြောင်းတွက်ချက်ပါက ဆယ်စုနှစ် နှစ်စု ပင်ရှိနေပြီမို့ ရပ်ကွက်လမ်းကြို လမ်းကြားမကျန် အလွတ်ကျက်ပြီးသားဖြစ်နေသည်။ ကားမှတ်တိုင်မှ အိမ်သို့ တန်းတန်းမက်မက်ပြန်မည်ဆိုပါက ဆယ်မိနစ်စာခန့် လမ်းလျှောက်လျှင်ပင်ရောက်နိုင်မည်ဖြစ်သော်လည်း မိမိဝသီအရ ရပ်ကွက်လမ်းကြိုလမ်းကြားများကြား ဝှေ့ပတ်၍ ပြန်ဖြစ်သည်က များပါသည်။ ရပ်ကွက်နှင့် ထိတွေ့ရသည်အချိန်သိပ်နည်းပါးသွားပြီဟု ခံစား၍လည်းဖြစ်နိုင်ပါသည်။ ထိုသို့ တစ်လမ်းဝင် တစ်လမ်းထွက်ဖြင့် အတိတ်ကို ပြန်၍စားမြှပ်ပြန် တွေးနိုင်သည်မဟုတ်ပါလား။ သီတင်းကျွတ် ရာသီရောက်နေပြီဖြစ်ကြောင်း လမ်းဘေးဝဲယာတွင် ထွန်းထားသည့် ရောင်စုံနီယွမ်မီးရောင်များ၊ မီးပုံးများကို ကြည့်၍သိနိုင်သည်။

    ယခင် ဆယ်စုနှစ်လောက်တွင်တော့ ဤရပ်ကွက် ဤလမ်းမများ၌ ယခုကဲ့သို့ နီယွမ်မီးသီးများ၊ ယခုကဲ့သို့ တရုတ်ဖြစ် ပလတ်စတစ်မီးပုံးများနေရာတွင် အိုးပုတ်များဖြင့်ထွန်းသည့် ရေနံဆီမီးများ၊ ၀ါးဖြင့်ပြုလုပ်သည့် ကားရုပ်၊ ကြယ်ရုပ် မီးပုံးများ၊ တွန်းလျှင် အသံတစ်ဗြောက် ဗြောက်မြည်တက်သည် ကလေးကစားစရာ မီးပုံးများဖြင့် ဆော့ကစားနေသည့် ကလေးများကို မြင်တွေ့ရ မည်ဖြစ်သည်။ ထို့အပြင် အိမ်ရှေ့တွင် လက်ဖတ်ရည်ကြမ်းအိုးများဖြင့်ထိုင်၍ စကားကောင်းနေကြသည့် မိဘများ၊ စက်ဘီးများဖြင့် အပျိုအိမ်ရှေ့ ရစ်သီသီ ပေကပ်ကပ်လုပ်နေတက်သည့် မှီးကောင်ပေါက်လူငယ်များကိုလည်းရှာစရာမလိုဘဲ တွေ့မြင်ရမည်သာ။ ဆောင်းဘောက် အသံကုန်ဖွင့်၍ မြန်မာဇာတ်ကားပြတတ်သည့် လက်ဖက်ရည်ဆိုင်များနှင့် ကလေးတစ်သိုက်ကြောင့် ဆူညံနေတက်သည့် သီတင်းကျွတ်၊ တန်ဆောင်းမုန်း ရာသီ ယဉ်ကျေးမှုများ မည်သည့်အချိန်တွင် မျိုးတုန်းပျောက်ကွယ်သွားပါသနည်း။ ရပ်ကွက်လမ်းကြားများမှာ ထိတ်လန့်စရာကောင်းရလောာက်အောင် ပင်လူသူပြတ်အသံတိတ်လျက်။ အိုးအိမ်အပြည့်ဖြင့် အထီးကျန်နေသည့် ရပ်ကွက်ထဲတွင် တစ်လမ်းဝင်၊ တစ်လမ်းထွက်နေရင်းပင် ကျွန်ုပ်သည်မီခိုရာဌာနဖြစ်သည့် အိမ်သို့ရောက်ပြီဖြစ်သည့်အတွက် အတွေးများကိ
ု ရောက်သည့် အရပ်တွင် ရပ်တန့်လိုက်ရတော့သည်။

    နံရံတွင် တစ်သက်တစ်ကိုယ် ဖက်တွယ်ထားသည့် နာရီသည်ပင် ခုနစ်နာရီဆိုသည့် သင်္ကေတကို ပြနေပြီ။ လူတစ်ကိုယ်လုံး လည်း နုံးချိလှပြီမို့ မီးဖိုချောင်သို့ မ၀င်မီ ရေးမိုးချိုးလိုက်သည်။ ထိုအချိန်အထိ အိမ်တွင်မည်သည့်အသံမျှမကြားရသေးပါ။ အိမ်အပေါ်ထပ်တွင် တီဗွီကြည့်သူအချို့ရှိသည်။ ကိုယ့်အခန်းနှင့်ကို ဖုန်းကြည့်သူကြည့်မည်။ စာဖတ်သူဖတ်နေသည်မို့ ကျွန်ုပ် အိမ်ပြန်ရောက်နေသည်ကိုပင် သိမှသိပါလေစွ။ သို့သော် အထူးအဆန်းမဟုတ်သည့် ဖြစ်ရိုးဖြစ်စဉ်တစ်ခုကို စာဖွဲ့ရေးနေရန် လိုအပ်လိမ့်မည် မဟုတ်ပါ။ ရေးမိုးချိုးပြီး မီးဖိုချောင်တွင် အိုးဖွင့်ခူးခပ်စားသောက်ဆေးလိပ်တစ်လိပ်တစ်လေ သောက်မည်။ ပြီးလျှင် အခန်းထဲတွင် အားသွင်းထားခဲ့သည့် ဖုန်းဖွင့်၍ ဖေ့စ်ဘုတ်သုံးမည်။ ဖတ်လက်စ စာနည်းနည်းပါးပါးဖတ်ပြီး အိပ်လိုက်ရုံသာ.....။

ရေဂင် (ကစဲ)
(9.11.2018)


No comments:

Post a Comment

ကျော်ထွန်း

            ကိုကျော်ထွန်းဆိုရင် ဒီရပ်ကွက်ထဲမှာတော့ မသိတဲ့သူမရှိသလောက်ပဲ။ ဒါပေမယ့် ကျော်ထွန်းဆိုပြီး နာမည်နဲ့လူတွဲအပ်သိတာတော့ မဟုတ်ဘူးပေါ့။ သ...