Wednesday, November 14, 2018

စ​နေ​နေ့ တစ်​​နေ့အ​ကြောင်း



 စ​နေနေ့ဟူ၍ အမည်နာမ ရရှိထားသည့် နေ့တစ်နေ့တွင်ဖြစ်သည်။ ထိုနေ့က ရန်ကုန်ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် နေရှင်နယ်လိဂ်ပွဲစဉ်တွင် ရန်ကုန်ယူနိုက် တက်က (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် နေ့လည်းဖြစ်သည်။ ယင်းပွဲစဉ် ယှဉ်ပြိုင်မကစားမီ နာရီပိုင်းအလိုတွင်ဖြစ်သည်။ ရန်ကုန်မြို့၏ လူသူ ထူထပ်လွန်းမက ထူထပ်ရှုပ်ထွေးလွန်းသည့် လှည်းတန်း၊ သတင်းသမားကဲ့သို့ “ဘ” ခြောက်လုံးဖြင့်ပြောရမည်ဆိုလျှင် ၂၀၁၈ ခုနှစ် မက်လ တတိယအပတ် စနေနေ့ လှည်းတန်း ICE BERRY ကော်ဖီဆိုင်အပေါ်ထပ်တွင် ကျွန်ုပ်နှင့် အမည်မဖေါ်လိုသူ သူမတို့၏ ချိန်းဆိုမှုတွင်ဟု ဆိုချင်သည်။ နံရံတွင်ချိတ်ဆွဲထားသည့် နာရီအို၏ အတက်ကြွဆုံးသော အချိန်ကာလလည်းဖြစ်သည်။ အနီရောင်များဖြင့် စွတ်စိုလှပနေသည့် နှုတ်ခမ်းတစ်စုံမှ လောကတွင် အသာယာဆုံးသော စကားလုံးများ ထွက်ကျလာလိမ့်နိုးနိုးဖြင့် ကျွန်ုပ်သည် ဗိုလ်ချုပ်ရုပ်တု ကဲ့သို့ပင် တုတ်တုတ်မျှမလှုပ်။ ဘဝဆိုသည်မှာ လွန်စွာတိုတောင်း လွန်းပါသည်လေ။ ယခုကဲ့သို့ ချိုမြိန်သည့် အရသာမျိုးမှာ တွေ့ရ၊ကြုံရ ခဲပါဘိ။ ကိုကာကိုလာ ကိုသာ အငမ်းမရငုပ်သောက်နေသည့် သူမသည် ယနေ့အတွက် ကျွန်ုပ်၏ မျှော်လင့်ချက်လည်းဖြစ်သည်။ အာဒံသည် ဧ၀ မရှိပါဘဲ မည်သည့်ပုံစံဖြင့် နှစ်ပေါင်း (၁၃၀) ခန့်ရှင်သန်နိုင်ခဲ့သည်ကို ကျွန်ုပ် မစဉ်းစားခဲ့ဖူးပါ။ ဧ၀သည် နံရိုးဆိုသည်ထက် သာ၍ အနက်အဓိပ္ပါယ်ရှိပါလိမ့်မည်လေ။

 ကျွန်ုပ်သည် ချစ်သည်ဆိုသည့် စကားအား မည်သို့အဓိပ္ပါယ်ရှိသည်ဆိုခြင်းကို သူမရှေ့တွင် တုန်တုန်ရီရီပြော၍ အပြေးအလွားတွေးမိပါသည်။ သို့သော် ဆံပင်ကောက်ကောက် မျက်လုံးအ၀ိုင်းဝိုင်း အသာဖြူညှပ်ညှပ်သူမသည်ပင် အချစ်ဖြစ်သည်ဟု လှေနံဓားထစ်ယုံကြည်ပါသည်။ စားပွဲပေါ်တွင် တင်ထားသည့် သူမလက်ကောက်ဝတ်ဖြူဖြူသွယ်သွယ်ကလေးထဲတွင် ပန်းဝတ် ရည်တို့ ပုန်းခိုနေကြသည်။ “အလှအပ ဆိုသည်မှာ မျက်လုံးထဲမှာသာ ရှိသည်။” ဟု ဆရာဇော်ဇော်အောင်ကပြောပါသည်။ ဆရာဇော်ဇော် အောင်သည် ကျွန်ုပ်ကဲ့သို့ သူမနှင့် နဖူးတွေ့ဒူးတွေ့ကြုံတွေ့ ဖူးပါ၏လောဟု ကျွန်ုပ်စောဒက တက်လိုပါသည်။ ဖက်လက်စ စာအုပ်ထဲမှ မင်းကြီးစွာနှင့် နတ်သျှင်နောင်တို့၏ နှလုံးသားများကို သိမ်းပိုက်ထားနိုင်ခဲ့သည့် ဓာတုကလျာမှာ မည်မျှလှပသည် ကျွန်ုပ်မသိပါ။ ကျွန်ုပ်ရှေ့တွင် ပုံ့ပုံကလေးထိုင်နေသည့်သူမသည် ကျွန်ုပ်အတွက် (ပါရာဒိုင်း) ပရဒိသုဘုံပင်။ ဂန္တ၀င်၊ မော်ဒန်၊ ခေတ်စမ်း၊ ခေတ်ပေါ်၊ ကာရန်၊ နရီ၊ နိမိတ်ပုံ၊ သရုပ်မှန် စသည်ဖြင့် ထိုင်ရာက မထဘဲ ငြင်းခုန်နေသည့် ပညာတတ်ဆိုသည့် ဆံပင်ဖြူဖြူပုဂ္ဂိုလ်များ အလယ်တွင် သူမအား ခေါ်ယူပြလိုက်စမ်းချင်ပါသည်။

 သူ့မလက်ကလေးများကို အသာအယာထွေးပိုက်ထားချင်မိပါသည်။ စိတ်ဆန္ဒအလိုကို ထိန်းချုပ်နိုင်စွမ်းမရှိသည့် ကျွန်ုပ်သည် စားပွဲပေါ်မှ သူမလက်သွယ်သွယ်ကလေးများအား ဘဝတွင် တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးသည့် ညှင်သာမှုမျိုးဖြင့် ဖျစ်ညှစ်ဆုတ်ကိုင် ထားမိသည်။ သူမအပြုံးများမှာ ကျွန်ုပ်ကော်ဖီခွက်ထဲတွင် ပျော်ဝင်သွားပါသည်။ ခါးသပ်သပ်ကော်ဖီသည် နှစ်ချို့ဝိုင်အဖြင့် တစ်မဟုတ်ချင်း ပြောင်းလဲ သွားချေ၏။ နံရံတွင် ချိန်ဆွဲထားသည့် ပန်းချီများ၊ ဓါတ်ပုံများမှာ အရောင်မှိန်လျက်ရှိပေပြီ။ “ကျွန်မလည်း ကဗျာတွေဖတ်တက်လာပါပြီ” ထိုစကားနှင့်အတူ ချထားသည့် သူမမျက်လွှာ၏ အနက်အဓိပ္ပါယ်အား မည်သူမျှ သိရှိရန်လိုအပ်လိမ့်မည် မဟုတ်ပါ။ ရုတ်တရက် သူမလက် ကလေးကို ငုပ်နမ်းလိုက်မိသည်လား မသေချာ။ ကျွန်ုပ်ဆုတ်ကိုင် ထားသည့် သူမလက်ကလေးများ ကို စားပွဲခုန်အောက်တွင် အပြီးတိုင် သိမ်းဆည်းခြင်းခံလိုက်ရပါတော့သည်။    ကမ္ဘာပေါ် ရှိချစ်သူတိုင်း တက်မြောက်ထားကြသည့် ဘာသာစကားအား ကျွန်ုပ်တို့သည် ချစ်သူအဖြစ် ရောက်ရှိပြီးသည့် တစ်​မဟုတ်ချင်းတွင် တတ်မြောက်သွားခဲ့သည်။ သူမ၏ နက်မှောင် ၀ိုင်းစက်လှသည့် မျက်လုံးများမှ အချစ်ဆိုသည့်အရာကို ရှာဖွေနေစဉ်မှာပင် ကမ္ဘာဦးမှစ၍ နှစ်ထောင်ချီ၊ သောင်းချီ လောကဓံအား ရင်ဆိုင်လာခဲ့ရသည့် အချစ်မှာ ကျွန်ုပ်တို့နှစ်ဦး၏ တွေ့ဆုံမှုတွင် လာရောက်အပန်းဖြေလျက်ရှိသည်။ ယနေ့သည် ရက်သတ္တပတ်၏ ခုနစ်ရက်မြောက်နေ့ဖြစ်သည်။ ထို့ကြောင့် အချစ်သည် ကျွန်ုပ်တို့နှစ်ယောက်နှင့်အတူ တိတ်ဆိတ်စွာ အနားယူလျက်ရှိ၏။ ဤအချင်းအရာအား ကန့်ကွက်သူရှိ၊မရှိ မဲခွဲဆုံးဖြတ်ရန် လိုအပ်လိမ့်မည်မဟုတ်ပါ။ မျိုးတုန်းပျောက်ကွယ်သွားသည့် အခြား အခြားသော သတ္တ၀ါများ၊ အပင်များ၊ ပညာရပ်များကဲ့သို့ အချစ်သည် မျိုးတုန်း ပျောက်ကွယ်မသွားရန် တိတ်တစ်ဆိတ် အနားယူသင့် ပေသည်မဟုတ်ပါလား။ မြန်မာရုပ်ရှင်ဇာတ်ကားများ၏ အလိုအရ ဆိုလျှင် ယခုအချိန်၌ လိုအပ်သည်မှာ ထူးအိမ်သင်၏ စကားလုံး မရှိသည့် ကောင်းကင် သီချင်းသာဖြစ်ပါလိမ့်မည်။ မျက်လုံးများဖြင့် နမ်းမည်။ နှစ်ယောက်တည်းသိသည့် အကြင်နာဘာသာ စကား ဖြစ်သည်လေ။ ကျေးဇူးပြု၍ ထိုစကားလုံးများဖြင့် ရေးစပ်သီကုံး ထားသည့် စကားလုံးမရှိသည့် ကောင်းကင်ကို နားဆင်ပါလေ။

 ယနေ့ညနေ ယှဉ်ပြိုင်ကစားသည့် ရန်ကုန်ယူနိုက်တက်နှင့် ရှမ်းယူနိုက် တက်တို့ပွဲစဉ်တွင် အသစ်စက်စက်ချစ်သူနှစ်ဦး လာရောက်​ကြည့်ရှု အားပေးခဲ့ကြောင်း ရန်ကုန်ယူနိုက်တက်အသင်း၏ လာဘ်ရုပ်​ကောင် ခြေင်္သေ့ရုပ်ထုကြီးသာ သက်သေ အဖြစ်ရှိပါလိမ့်မည်။ တစ်ယောက်လျော့ဖြင့် ယှဉ်ပြိုင်ခဲ့ရသည့် ရန်ကုန်ယူနိုက်တက် အသင်းနှင့် တက်သစ် စလူငယ်တိုက်စစ်မှူး အီစိုး၏ တစ်လုံးတည်းသော အနိုင်ဂိုးတို့မှာ ကျွန်ုပ်ဘယ်ဘက်လက်မောင်းအား ဆုတ်ကိုင်ထားသည့် သူမလောက် ကျွန်ုပ်အပေါ် လွှမ်းမိုးနိုင် မှုမရှိခဲ့ပါ။ထိုထို​သော ​ကောင်းခြင်း မင်္ဂလာများဖြင့်​အတိပြီးသည့် ရင်​ခုန်​စရာဇာတ်​လမ်းက​လေးမှာ ကျွန်ုပ်​၏ နိုးစက်​သံ​ကြောင့်​ပင်​ ပျက်​စီး​လေရကား လုပ်​ငန်းခွင်​ဝင်​ရန်​ ​​စော​စောသွားရ​ပေမည်​။ သို့မှသာ ybs တွင်​ထိုင်​ခုန်​​သေချာမည်​ မဟုတ်​တုံ​လေ .....။

ကျေးဇူးတင်​ပါသည်
#​ရေဂင်​ (ကစဲ)

No comments:

Post a Comment

ကျော်ထွန်း

            ကိုကျော်ထွန်းဆိုရင် ဒီရပ်ကွက်ထဲမှာတော့ မသိတဲ့သူမရှိသလောက်ပဲ။ ဒါပေမယ့် ကျော်ထွန်းဆိုပြီး နာမည်နဲ့လူတွဲအပ်သိတာတော့ မဟုတ်ဘူးပေါ့။ သ...