“မင်းတို့သိပ်တောင့်တလွန်းတော့လည်း ငါရောက်လာရပြီပေါ့ကွာ” ရုပ်မမြင်ရမီ ကြိုတင်ကြားနေရသော ဖက်တီး အသံဖြစ်သည်။ လက်ရှိ အနေအထားအရတော့ ဖက်တီးမှာ အားလုံးရှေ့တွင် သူရဲကောင်းတစ်ဦးလိုဖြစ်နေသည်။ ဖက်တီးမှတစ်ပါး မိမိတို့အား ကယ်တင်နိုင်မည့် ကယ်တင်ရှင်မရှိတော့သည့်အလား မျှော်လင့်ချက်များဖြင့် ပုံပန်းမကျသည့် ဖက်တီး ကိုပင် ဇာတ်မင်းသား ဖိုးချစ်ကို ကြည့်သလို ကြည်နေရသည်။
“ပြောပါဦးမင်းတို့ဇာတ်ထုတ်။ မင်းတို့ပိုက်ဆံလိုမှ ငါ့ဖုန်းဆက်တယ်။ တော်တော်ချစ်ဖို့ကောင်းတဲ့ကောင်တွေ” ဖက်တီး၏ ဒုတိယမြောက်စကားလုံးဖြစ်သည်။ သူသည်လိုပြောခဲ့ဖူးသည်မှာ FIRST YEAR ကတည်းကပင်ဖြစ်သူမို့ ဘယ်သူမှလည်း အထွေအထူး ဂရုတစိုက်မရှိတော့။ သို့သော် ဖက်တီးကတော့ ဘယ်သူဂရုစိုက်စိုက် မစိုက်စိုက် အခွင့်ရရင် ရလိုပြောတက်မြဲဖြစ်သည်။ “ဒီလိုကွာ”ကျွန်တော်ကပင် အကျိုးအကြောင်းရှင်းပြလိုက်သည်။ “ငါတို့ ဒီနေ့ညနေ ဘောလုံးကန်ဖို့ချိန်းထား တာကွာ။ မင်းကို ကန်မလားအဖေါ်ညှိတာ။ မင်းကန်မယ်မဟုတ်..”
“ဘောလုံးကန်ဖို့လာခေါ်တယ်။ ဟေ့ရောင်တွေ နောက်တစ်ခါခေါ်ရင် အကွက်ပြောင်းခေါ်၊ ရိုးနေပြီ။ မင်းတို့ ကွင်းငှါးခ မရှိတော့လို့ ငါ့ခေါ်တာ မသိတာကျနေရော။ မင်းတို့ပိုက်ဆံရှိရင် ငါ့ဘယ်တုန်းကခေါ်လို့လဲ။ အခုလည်း ငါ့ကို အရံမှာထားမှာမဟုတ်လား။ မင်းတို့ကို အဲသောက်ကျင့်မကြိုက်တာပဲ” ကျွန်တော့စကားပင်မဆုံးလိုက်ပါ ဖတ်တီး၏ မကျေနပ်သံများ အစီအစဉ်အတိုင်းထွက်ပေါ်လာသည်။ ဒါလည်း ကျွန်တော်တို့ကြားမှာတော့ဖြစ်နေကျပင်ဖြစ်သည်။
“သားရီးရာ စိတ်ထဲမထားပါနဲ့ ငါတို့က မင်းအဆင်ပြေမပြေမသိဘူးလေ။ မင်းတို့ကျောင်းက စာအရမ်းများတယ်ကြား တော့ ခေါ်ရတာ အားနာလို့ပါကွာ” အရှည်ကြီးမှ ၀င်ရောက်ဖြန်ဖြေသည်။
“နေပါကွာ။ အခုမှပေါင်းတဲ့ကောင်တွေလည်းမဟုတ်ဘူး။ ထားပါတော့ အခုပိုက်ဆံက ဘယ်လောက်လိုလို့လဲ”
“တစ်သောင်းပဲ လိုတာပါကွာ” ကျွန်တော်ဝင်ပြောတော့ ဖတ်တီးမျက်နှာမှာ ဇီးရွက်သာသာ
“တစ်သောင်းပဲ လိုတာပါကွာ” ကျွန်တော်ဝင်ပြောတော့ ဖတ်တီးမျက်နှာမှာ ဇီးရွက်သာသာ
“ငါ…. မင်းတို့ အဖေမဟုတ်ဘူးကွ။ ငါ့မှာအဲလောက် ဘယ်လိုလို့ရှိမှာလဲ။ ရသမျှ မုန့်ဖိုး၊ ဘုန်းထားတဲ့ ကျူရှင်ဖိုးလည်း ကုန်ပြီ အခုလောလောဆယ် ငါ့လက်ထဲမှာ ရှစ်ထောင်ပဲရှိတယ်။ ငါ (၅၀၀၀)ပဲ စိုက်နိုင်မယ်”ပြောပြော ဆိုဆိုပင် ဖက်တီးက သူပိုင်ဆိုင်သမျှ ခြင်္သေ့များကို တစ်ကောင်ချင်းရေတွက်ရင်း အစိမ်းရောင် ခြင်္သေ့ ငါးကောင်အား ကျွန်တော့ လက်သို့ပေးလေသည်။
ကျွန်တော်တို့ သူငယ်ချင်းများမှာ မူလတန်းအရွယ်ကတည်းက တစ်ရပ်ကွက်တည်း ဆိုးဖော်ဆိုးဖက်များ ဖြစ်ကြသည်။ ဖက်တီးကတော့ (၅) တန်းလောက်မှာ ရပ်ကွက်ထဲသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ကျွန်တော်တို့ အားလုံးထဲတွင် ငွေအသုံးနိုင်ဆုံးဖြစ်သည်။ သူ့အဖေက သစ်စက်ပိုင်ရှင်ဖြစ်သဖြင့် ငွေရွှင်သည်။ ရပ်ကွက်ထဲတွင် သြဇာညောင်းသည်။ သို့သော် ဖက်တီးကတော့ ကျွန်တော်တို့၏ ငယ်နိုင်ဖြစ်သည်။ ကလေးတုန်းက ဂိမ်းဖိုးလိုလျှင် သော်လည်းကောင်း၊ အခြားရပ်ကွက်က ကလေးများနှင့် ဘောလုံးချိန်းကန်လျှင်လည်းကောင်း ဖက်တီးမှာ ကျွန်တော်တို့၏ ပင်တိုင်သူဌေးဖြစ်မြဲ။ အခု တက္ကသိုလ်ရောက်တော့လည်း ကျွန်တော်တို့မှာ နီးနီးနားနားမှ ဒဂုံတက္ကသိုလ်သာ တက်နိုင်သည်။ ဖတ်တီးကတော့ သူ့အဖေသြဇာမလွန်ဆန်နိုင်၍ သန်လျှင်နည်းပညာ တက္ကသိုလ် ရောက်သည်။ သို့သော် အခုအချိန်အထိ ကျွန်တော်တို့ သူဌေးအဖြစ်မှ အငြိမ်းစားမရသေးပေ။
ကျွန်တော်တို့သည် ငယ်စဉ်ကတည်းက ဘောလုံးကို အလွန်ရူးသွပ်ခဲ့ကြသူများဖြစ်သည်။ မနက်ဖြန် စာမေးပွဲပင်ရှိစေကာမူ ယန့ညနေ ဘာစီလိုနာနှင့် ရီးရဲယ်မက်ထရစ်အသင်းပွဲစဉ်ရှိပါက လက်ဖက်ရည်ဆိုင်သို့ ချီတက်ကြမြဲ။ အရင် ၁၀ နှစ်ဝန်းကျင်လောက်တွင်မူ ရပ်ကွက်ထဲတွင် အပေါဆုံးမှာဘောလုံးကွင်းဖြစ်သည်။ စံချိန် စံညွှန်းများနှင့်အညီ တည်ဆောက်ထားသည့် ကွင်းများမဟုတ်လင့်ကစား လယ်ကွက်များပေါ်တွင် ၀ါးလုံးတိုင်ထောင် ထားသည့် ဘောလုံးကွင်းများ၊ ကျောင်းဘောလုံးကွင်းများ၊ သဲကွင်းများ ကြိုက်တဲ့အချိန် လူသာရှိပါမူ ကွင်းမပူရသည့် အနေအထားဖြစ်သည်။ သို့သော်လက်ရှိတွင်မူ ကျောင်းကွင်းများမှာလည်း မြက်ဖုတ်များနှင့် လယ်ကွင်းများမှာလည်း အထပ်မြင့်တိုက်များ၊ ခြံစည်းရိုးများနှင့် ဖြစ်ကုန်သည်။ သဲကွင်းများတွင်တော့ KTV ၊ တည်းခိုခန်းများ အမြစ်တွယ် နေပြီဖြစ်သည်။
လက်ရှိရပ်ကွက်ထဲတွင် တစ်နာရီ (၅၀၀၀)ပေးရသည့် သဲကွင်းတစ်ကွင်းရှိသည်။ သို့သော် ကန်ချင်သည့်အချိန် သွား၍မရ တစ်ရက်နှစ်ရက် ကြိုတင်ရက်ချိန်းရသည်။ ထိုသို့ ချိန်းလျှင်ပင် တစ်ခါတစ်ရံ နေ့ခင်းကြောင်တောင် မှကွင်း ရတတ်သည်များလည်းရှိသည်။ ထို့ကြောင့် ကျွန်တော်တို့အဖွဲ့မှာ မြောက်ဒုံ မသန်စွမ်းကွင်းနားမှ မြက်ခင်းတုဖူဆယ်ကွင်းသို့ စားကျက်ပြောင်းကြရသည်။ ထိုသို့ ပြောင်းရသော်လည်း အခြေမဟန်လှပေ။ အကြောင်းမှ ကွင်းငှါးခ အဆမတန် များပြား နေ၍ဖြစ်သည်။ တစ်ရက်နေလို့ မုန့်ဖိုးတစ်ထောင် နပ်မမှန်သည့် ကျွန်တော်တို့အတွက် ကွင်းငှါးခ တစ်နာရီ (၂၀၀၀၀) ဆိုတာက များလွန်းလှပါသည်။ သို့သော်လည်း ချေးခါးသည်။ သဲများသည် လုပ်၍မရ။ ဘောလုံးတစ်ကြိမ် ကန်ဖြစ်ပါက ကုန်ကျငွေမှာ ဒိုင်လူကြီးငှါးရမ်းခ အပါအ၀င် (၃၀၀၀၀) အနိမ့်ဆုံးဖြစ်သည်။
ဖတ်တီးရှိနေ၍သာ တော်ပါတော့သည်။
“ကဲကြာတယ်။ ညနေ ၄ နာရီချိန်းထားတယ်။ (၃) နာရီ လမ်းထိပ်က ရွှေကောင်းကြွယ်မှာဆုံမယ်။ နောက်ကျ စရာရှိရင် ဖုန်းကြိုဆက်။ အတန်းတက်စရာရှိသေးလို့သွားဦးမယ်” ဒီလိုနှင့် အ၀ိုင်းအုတ်ခုံပေါ်မှ အစည်းအဝေးမှာ ပြီးဆုံးခဲ့သည်။
==========
==========
“ဟေ့ကောင် ရေဂင် နောက်ကျလှချည်လားကွ။ မင်းနှယ်ကွာ ဘယ်တော့မျ တက်တက်ကြွကြွရှိတယ်ကို မရှိဘူး” ညနေ လက်ဖက်ရည်ဆိုင်သို့ (၁၀) မိနစ်ခန့်နောက်ကျသဖြင့် သူဌေးမင်း ဖက်တီး၏ ဘေတီးသံကို ကြားရခြင်း ဖြစ်သည်။ ဒါကလည်း ကျွန်တော်တို့ကြားတွင် ဖြစ်နေကျ ဖြစ်ရိုးဖြစ်စဉ် မျှသာ။
“ပိုက်ဆံ နည်းနည်းလိုနေသေးလို့ ကြံဖန်နေတာနဲ့ နောက်ကျသွားတာ ဆောရီး”
“အဲလိုဆို ပိုက်ဆံရပြီလား” ဆိုမာလီက မေးသည်။ (ဆိုမာလီဆိုသည်မှာ ကုလားဆင် ရုပ်ဖြစ်၍ အမည်ပြောင်ပေး ခြင်းဖြစ်သည်)။
“ရတော့ရတယ်။ ဒါပေမယ်မယ့် တစ်ပတ်အတွင်းပြန်ပေးမယ်ဆိုပြီး မေသန္တဦးဆီက ချေးလာ….”
“ဘာ မေသန္တာဦးဆီက ချေးလာတယ်” ဖက်တီးဆီက အာမေဋိတ် အသံဖြစ်သည်။ ဖတ်တီးဆီကဆိုလို့ မေသန္တာဦးကို ပြီးခဲ့သည့် တစ်ပတ်က ရည်းစားကစားပြောထားတာ ကျွန်တော်သိနေတယ်မဟုတ်ပါလား။
“မင်း ဘယ်လောက်ချေးလာတာလဲ ရေဂင်”
“တစ်သောင်းခွဲတည်းပါကွာ။ ရပါတယ်။ အဲပိုက်ဆံက တပတ်အတွင်းဆိုပေမယ့် တစ်လလောက်မှ ဖြည်းဖြည်းချင်း ပေးလည်း အဆင်ပြေပါတယ်”
“ဟေ့ကောင် ရေဂင် မင်းစကားအမျိုးမျိုးပြောနေပြန်ပြီ မနက်ကတော့ တစ်သောင်းပဲလိုတာဆို။ ငါ ငါးထောင်ထပ်ပေး ထားသေးတယ်လေ။ ဘာလို့ တစ်သောင်းခွဲတောင်ထပ်ချေးတာလဲ”
“အေး ဘောလုံးပွဲပြီးရင် မင်းပဲ အအေးလေးသောက်ချင်တာနဲ့ ရုံးဆင်းချိန်မို့လို့ လိုင်းကား မစီးချင်တာနဲ့ TAXI ငှားမှာ မဟုတ်လား။ အအေးသောက်မယ်ဆိုပြီး အစားတွေ နင်းကန်စားမှာမဟုတ်လား။ ပြီးတော့ မင်းမှာ ရှိသမျှကုန်ပြီဆို တော့လည်း မင်းကို ဒုက္ခမပေးချင် တော့ဘူးလေကွာ။ ချေးထားတာတွေ ကျန်တဲ့ငါတို့ ၀ိုင်းဆပ်ကြတာပေါ့”
ကျွန်တော့ စကားကပဲ ထိသွားလေသလားမသိ ဖတ်တီးမှာ သူ့ကျောပိုးအိတ်ထဲက ပိုက်ဆံအိတ်ကို ကုန်းနှိုက်ပါတော့သည်။
“ဟော့ကောင် ဒီမှာ ဘုန်းထားတဲ့ပိုက်ဆံကုန်တာတော့ အမှန်ပဲ။ မပူပါနဲ့ ဘက်ငွေတွေ ရှိပါသေးတယ်ကွ။ အဲ ပိုက်ဆံ ငါ့ကိုပေး။ ဒီညနေ ငါမေသန္တာဦးကို ပြန်ပေးလိုက်မယ်”
“ဒါမှ ငါတို့ဘောစိကွ”