Wednesday, February 13, 2019

ရန်ကုန်







စားစရာမလိုပါ
ကြွားစရာတော့ လိုအပ်ပါသည်။

ယောကျာင်္းမှန်က ယာဉ်မောင်းတတ်မှ
မိန်းမ မှန်က စာရင်းကိုင်တတ်မှ။

အလုပ်အကိုင် ရာထူးကောင်းရရှိရန်
ဘာညာ သာရကာ သိစရာမလို
ဘယ်သူဘယ်ဝါ သိရန်သာလိုသည်။

ပြည်သူပိုင် အားကစားကွင်းများအား
ကုန်းကျော်တံတားများအောက်တွင် တွေ့နိုင်၏။

နေဝင်နေထွက်သည်
တနင်္ဂနွေနေ့တွင်သာ ရှိပါသည်။

Taxi စီးနိုင်သည့် လူတန်းစားဆိုသည်မှာ
ရုံးချိန်အတွင်း သွားလာနေရသူကို ဆိုလိုပါသည်။

အရက်ဆိုင်များ ရောင်းကောင်းရန်အလို့ငှာ
အရပ်ပိုင်များ ကင်းလှည့်နေကြ၏။

တန်းဖိုးနည်း အိမ်ယာများရှိပါသည်
ကျော်တစ်ခင်းစာ တစ်လ (၄၀၀၀၀)ကျပ်ဖြင့်။

ဘွဲ့ရတစ်ဦး တစ်လဝင်ငွေမှာ တစ်သိန်းခွဲဖြစ်၍
လမ်းဘေးဈေးသည်တစ်ဦး၏ (၁၀)ရက်စာ ဝင်ငွေနှင့် အတူတူပင်ဖြစ်သည်။

လူဦးရေ ငါးသန်းအနက်တွင်
မိတ်ဆွေ ငါးဦးသာ ရှိနေသည့် မြို့တော်ဖြစ်ပါသည်။

ဗန်ခိုင်မှိုင်း

ကြွက်​ပုံပြင်



ဒီမီးဘယ်သူပဲ ရှို့ခဲ့ရှို့ခဲ့
လောင်နေတဲ့မီးကတော့ အရှိန်အဟုန်မပျက်
ဝေဖန်သံတွေ ဆူညံနေတဲ့ လူအုပ်ထဲက
"ဒီမီးက ကြွက်မနိုင်လို့ ရှို့တဲ့  ကျီမီးတဲ့"
"ဒီမီးက ဆပ်ကြွေးတွေ မကုန်နိုင်လို့တဲ့ "
"ဒီမီးကို မရှို့မဖြစ်လို့ ရှို့လိုက်ရတာပါတဲ့"
တစ်ယောက်တစ်ပေါက် အော်နေကြတာပါပဲ
လောင်နေပြီးမှတော့ ဘာကြောင့်လို့ဖြစ်ဖြစ်ပေါ့
ရပ်ကြည့်နေလိုက်ကြရုံပဲမဟုတ်လား။

ရန်သူတော်ငါးပါးအနွယ်ဝင် ဓါတ်ကြီးလေးပါးထဲက
ရှင်တေဇောဟာ သက်ညှာမှုကင်းမဲ့လွန်းတယ်
တဟုန်းဟုန်းထလို့ မာန်ဖီနေလေရဲ့
ကံဆိုလေသူ မောင်ရှင်ကြောင်နက်
စပါးကျီထဲမှာ ကယောက်ကယက်နဲ့
ဒီအချိန်မိုးတွေရွာဖို့ ဆုတောင်းချိန်ပင် မရခဲ့။
ဒါကြောင့် သူဟာ ကောင်းကင်ဘုံကို
အယုံအကြည်မရှိတဲ့သူရယ်လို့
လူအုပ်ကြီးထဲက မျက်မှန်ထူထူနဲ့ လူတစ်ယောက်က ဆိုတယ်။
ကြောင်နက်ရယ်
ငါတို့လည်း ရပ်ကြည့်ရုံက ဘာတက်နိုင်မှာတဲ့လဲ။

ရှင်တေဇောလည်း အမျက်ပြေ
ကျီပိုင်ရှင်လည်း ကျေနပ်ပါစေ
ဒီမီးပူဇော်ပွဲက လက်ခုပ်တီးသူမဲ့လို့
ပြီးခဲ့တာတွေလည်း ပြီးခဲ့ပေါ့
စပါးကျီသစ် ထပ်ဆောက်ရုံလေ။
တွေးလို့မှ မပြီးသေးဘူး
မြေအောက်ထဲမှာတော့ဖြင့် ကြွက်တွေဟာ
ညီလာခံတွေကျင်းပလို့ ဗျူဟာသစ်တွေဆွဲလို့
ဒီသံသရာမှာ ကြွက်တွေဟာ
တစ်ချက်ခုတ်ရင် နှစ်ချက်ပြတ်သတဲ့
စပါးကျီသစ်မှာ ဆန်အသစ်
ရေကန်အသင့် ကြာအသင့်ပဲ။
ငါလည်း လူအုပ်ကြားထဲ့မှာ
ရောယောင်လို့ ပွဲကြည့်ဖြစ်ခဲ့ရုံပါပဲ။ ။

ဗန်​ခိုမှိုင်း
#photo : Google

Sunday, February 10, 2019

စိန်ပန်း


ငယ်ငယ်တုန်းက
ငါတို့နေတဲ့ ရပ်ကွက်အဝင်လမ်းထိပ်မှာ
စိန်ပန်းပင်တစ်ပင်ရှိခဲ့ဖူးတယ်။
ငါ့တို့ရဲ့ ကျောင်းဆင်းချိန်တစ်ချို့မှာ
အဲသည့် စိန်ပန်းပင်ပေါ် တက်ဆော့လို့ မောလာရင်
အောက်က အုန်းမုန့်ခွက်နဲ့ ရေချမ်းစင်က ရေကန်အသင့် ကြာအသင့်ပဲ။
ဆောင်းအကုန် နွေအကူးကာလများမှာဆိုရင်
အကိုင်း ကျွတ်ဆပ်ဆပ် စိန်ပန်းတစ်ပင်လုံး
နီကျင့်ကျင့်ပွင့်ဖတ်တွေနဲ့ ထီးထီးကြီးရဲနေလေရဲ့။
ဒါကြောင့်ပဲ လမ်းထပ်က ကားမှတ်တိုင်ဟာ
စိန်ပန်းလို့ ဖြစ်လာသလား ငါတို့စိတ်မဝင်စားခဲ့ပါဘူး။
ဒီလိုနဲ့ ငါတို့ မြှီးကောင်ပေါက်အရွယ်ရောက်တော့]
မဲဆွယ်ကာလဆိုလား၊ ဘာလားပဲ
လမ်းချဲ့တွင်ရေး စီမံကိန်းလက်ချက်နဲ့
စိန်ပန်းဟာ အမြစ်ကနေ မြေလှန်ခံရရှာတယ်။
မကြာပါဘူး
ငါတို့စိန်ပန်းဟာ အသွင်သစ်နဲ့
စင်တင်တေးဂီတပါ ဘီယာဆိုင်အဖြစ်
ငါတို့ဆီ ပြန်ရောက်လာ။
စည်တစ်ခွက် (၂၀၀၀)၊
ကန်စွန်းရွက်ကြော် (၁၈၀၀)တဲ့
စိန်ပန်းဟာ ငါတို့နဲ့ မသက်ဆိုင်သူဖြစ်လာ။
ဂရမ်းပြာကို ခါးကြားထိုး
အပေါ်အင်္ကျံနဲ့အုပ်၊ ဦးထုပ်ငိုက်စိုက်ဆောင်းလို့
စင်ပေါ်က နီကျင့်ကျင့် ဂါဝင်အတိုကလေးနဲ့
ရင်သားကြွကြွ၊ တင်ပါးလှလှ ကလေးတွေကို
အမှောင်ထဲက မကြည့်မိအောင်
သတိထားနေရတယ်။   ။

ဗန်ခိုမှိုင်း 
photo : caosycosasdecuba

ကျော်ထွန်း

            ကိုကျော်ထွန်းဆိုရင် ဒီရပ်ကွက်ထဲမှာတော့ မသိတဲ့သူမရှိသလောက်ပဲ။ ဒါပေမယ့် ကျော်ထွန်းဆိုပြီး နာမည်နဲ့လူတွဲအပ်သိတာတော့ မဟုတ်ဘူးပေါ့။ သ...