ကိုကျော်ထွန်းဆိုရင် ဒီရပ်ကွက်ထဲမှာတော့ မသိတဲ့သူမရှိသလောက်ပဲ။ ဒါပေမယ့် ကျော်ထွန်းဆိုပြီး နာမည်နဲ့လူတွဲအပ်သိတာတော့ မဟုတ်ဘူးပေါ့။ သူ့ရဲ့ ဆံပင်ရှည်ကြောင့် ကိုဆံရှည်ဆိုပြီး အရပ်ထဲမှာ လူသိကြတာ။ နောက်ပြီး သူက နာမည်ခပ်များများရယ်။ များဆို အဖေပေးတဲ့ မူရင်းနာမည် ကျော်ထွန်း၊ အရပ်ထဲမှာတော့ ဆံရှည်၊ အဲ့ စျေးထဲရောက်သွားရင်တော့ ကိုထွန်း ဆိုပြီးဖြစ်သွားပြန်ရော။ ဒီလို နာမည်တွေ များနေတာကလည်း သူ့အတွက်တော့ ဘာအရေးမှ ကြီးလှတယ်လို့ မဟုတ်ပါဘူး။ သူကတော့ ဘယ်လိုခေါ်ခေါ် ခေါ်ရင်ထူးမယ်၊ ခိုင်းရင်လုပ်ပေးလိုက်တာပဲ၊ ကျွေးရင်လည်း ငြင်းတယ်လို့မရှိဘူး။ ဘာမှလည်း သိပ်ပြီး အလေးအနက်ထားတယ်လို့မရှိပါဘူး။ သူလုပ်တဲ့အလုပ်ကတော့ အစုံပဲ။ ကုန်ထမ်းတယ်၊ မီးပြင်တယ်၊ အိမ်သာကျင်းတူးတယ်၊ သစ်ပင်ခုတ်၊ မြက်ရှင်း ဗာဟီရအလုပ်တွေ အကုန်လုပ်တာပဲ။ လစာလည်းမရှိသလို သူ့ကို အလုပ်ခိုင်းရင် ဘယ်လောက်တောင်းတယ်လို့လည်းမရှိဘူး။ မေးရင်လည်း သွားဖြီးပြပြီး “ကြည့်ကောင်းသလို ပေးပါဗျာ” ဒါလောက်ပဲပြောတာ။ သူ့ကိုပေးတဲ့ လုပ်အားခ နည်းတယ်လို့ ဘယ်တုန်းကမှလည်း အထွန့် တက်တယ်လို့လည်း မကြားမိဘူး။
ဆွေမရှိ၊ မျိုးမရှိ တစ်ကောင်ကြွက်လိုနေနေတဲ့
ကိုကျော်ထွန်းအိမ်က ကျွန်တော်နေတဲ့ အိမ်နဲ့ဆို တစ်လမ်းတည်း။ တစ်လမ်းတည်းဆိုပေမယ့်
လမ်းရဲ့ အစွန်နှစ်ဘက်မှာ။ ကိုကျော်ထွန်းအိမ်က ပျဥ်ထောင်အိမ် အဟောင်းကလေး။ ဒါပေမယ့်
ကိုယ်ပိုင်အိမ်ဆိုတော့ သူ့အတွက်က ခံသာတယ်ပြောရမယ်ထင်ပါတယ်။ သူက တိရိစ္ဆာန်တော့
အတော်ချစ်တတ်တာ။ လမ်းမှာရှိတဲ့ ပိုင်ရှင်မဲ့ ခွေးတွေ ကိုကျော်ထွန်းအိမ်မှာ
သုံးလေးကောင် အနည်းဆုံးရှိနေတတ်တယ်။ သူက ဒီလိုပဲ ထမင်းတွေကျွေးတာဆိုတော့
သူ့ခွေးလိုကို ဖြစ်နေတာ။ နောက်ပြီး ကိုကျော်ထွန်းက ဂီတာတော့ အတော် အတီးကောင်းတာ။
သီချင်းတော့ ကောင်းကောင်းမဆိုတတ်ပြန်ဘူး။ ဆိုလိုက်ရင်လည်း ကီးကြောင်နေရော။
တစ်ခါတစ်လေတော့ ကျွန်တော်တို့ လူငယ်တွေ ညဘက်ဂီတာဝိုင်းကို ကိုကျော်ထွန်း တစ်ယောက်
မထင်ရင်မထင်သလို ရောက်ချလာတတ်တယ်။ သူဂီတာစကိုင်ပြီဆိုရင် အရင်ဆုံးတီးတာက ဖိုးချို့
ညှို့မျက်ဝန်း၊ အက်စ်ဂဲနက်ရဲ့ ရင်သို့တိုးဝှေ့ဆဲပါခိုင်၊ နောက်တော့ ဗဒင်ရဲ့ နေရာ။
ဒီသုံး ပုဒ်တီးပြီးမှာ ကျွန်တော်တို့ ဆိုချင်တဲ့သီချင်း တီးခိုင်းလို့ရတာ၊
အဲ့သီချင်းသုံးပုဒ်ကတော့ သူ့ရဲ့ မူပိုင်ပဲ။ နောက်ပိုင်း ကျွန်တော်တို့တောင်
သူမပါရင် အဲသီချင်းတွေ မဆိုဖြစ်တော့ဘူး။ ဒီသီချင်းတွေက သူတီးပြီးဆိုလိုက်ရမှ အရသာ
ထူးပြီးရှိလာသလိုလိုတောင် ဖြစ်သွားတာ။
ကိုကျော်ထွန်းဆိုတာကတော့ လူပျိုကြီး၊ အသက်က
လေးဆယ်ဝန်းကျင်လောက်၊ ညှင်းသိုးသိုး ဆံပင်ရှည်ကြီးတွေက ကောက်လိမ်ပြီး ကျဲတဲတဲ။
မျက်နှာက သေးသေးရှည်ရှည်၊ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး။ သူက ဆံပင်သာ မညှပ်တာ
ရှိမယ် နှုတ်ခမ်းမွေးတို့ မုတ်ဆိတ်မွးတို့ကျတော့ အမြဲရှင်းလို့။ ကွမ်းနဲ့ ပါးစပ်
ပြတ်တယ်လို့ မရှိသလောက်ပဲ။ ရယ်လိုက်ရင်ဖြစ်ဖြစ်၊ ပြုံးလိုက်ရင်ဖြစ်ဖြစ် သွားတွေက
ကွမ်းချေးတွေနဲ့ မည်းညစ်ညစ်ကြီး။ သူ့ကြည့်လိုက်ရင် အမြဲပျော်ပျော်ပဲ။ ဘယ်တော့မှ
စိတ်ဆိုး ဒေါသထွက်တယ်လို့ မရှိဘူး။ တစ်ခါတစ်လေ ကလေးတွေနဲ့ လမ်းပေါ်မှာ
ကော်ဘောလုံးတွေ ကန်ရင်ကန်နေတာ။ နေ့လည်နေ့ခင်းဆို ရပ်ကွက်ထိပ်က ဆုံဆည်းရာ
လက်ဖက်ရည်ဆိုင်မှာ စကိုင်းနက်က ပြတဲ့ ဗမာကားတွေ ကြည့်နေတတ်တယ်။ သူကတော့ လက္ဘရည်သောက်တာမဟုတ်ဘူး။
ရေနွေးကြမ်းလောက်ပဲ သောက်တာ။ အလှူရှင်ပေါ်ရင်တော့ ချိုဆိမ့်သောက်တတ်တယ်။
တစ်ရက် ကျွန်တော်တို့ အိမ်နံရံဆေး အသစ်ပြန်သုတ်တော့
တခြားလည်း ခေါ်စရာလူမရှိတာနဲ့ ကိုကျော်ထွန်းကိုပဲ ခေါ်လိုက်ရတယ်။ အိမ်ဆေးသုတ်တော့
ကျွန်တော်နဲ့ နှစ်ယောက်တည်း သူကတော့ ကွမ်းစားနေတဲ့ ပါးစပ်နဲ့ သီချင်းကလေး
တကျော်ကျော်၊ နားတယ်လို့ကိုမရှိဘူး။ အမေကိုယ်တိုင်လာပြီး “ကိုထွန်း တော်တော့
ထမင်းလေးစားဦး” “လက်ဖက်ရည်သောက်ဦး” ပြောယူရတယ်။ သူအလုပ်လာကူတဲ့ သုံးရက်ကို
ကွမ်းယာ၊ ဖက်ကြမ်း၊ ပြတ်လို့မရဘူး။ အလုပ်ပြီးတော့ အမေက သူ့ကို
ဘယ်လောက်ပေးလိုက်လဲတော့မသိဘူး အဲည ကိုကျော်ထွန်းတစ်ယောက် အဖြူဆိုင်ကို
ဆိုက်ဆိုက်မြိုက်မြိုက်ပဲ။ အဲ ကျန်ခဲ့လို့ အလုပ်လာကူတဲ့ သုံးရက်လုံး ညစာ
စားပြီးတိုင်း သူ့အိမ်က ခွေးတွေကျွေးဖို့ဆိုပြီးတော့ အမေ့ဆီက ထမင်းကျန်၊
ဟင်းကျန်လေးတွေ တောင်းပြီး ကျွတ်ကျွတ်အိတ်နဲ့ သယ်သယ်သွားသေးတာ။
ထူးဆန်းတာတစ်ခုကတော့ ကိုကျော်ထွန်းမှာ ဖျားတယ်၊
နာတယ်လို့ တစ်ခါမှ မတွေ့ဖူး၊ မကြားဖူးဘူး။ ကျွန်တော်တို့ ညဘက် ဂီတာဝိုင်းထဲ
ရောက်လာတော့ အရက်ကလေး တိုက်ပြီး သူ့ဘဝ အတိတ်ဇာတ်ကြောင်း လေးဘာလေး နည်းနည်း
နှိုက်ကြည့်ပေမယ့် အချည်းနှီးပဲ။ မေးလိုက်တိုင်း ဟိုလိုလို ဒီလိုလိုနဲ့
ရောရောချတာ။ ဆုံဆည်းရာ လက်ဖက်ရည်ဆိုင်က ကိုဝေဖြိုးပြောပြသလောက်ဆိုရင်တော့
ကိုကျော်ထွန်းငယ်ငယ်က (၈)တန်း လောက်တုန်းက သူ့အဖေ ဆုံးသွားတာ။ သူ့အမေကတော့ သူတို့သားအဖ ဒီရပ်ကွက်ထဲကို
ရောက်လာချိန် ကတည်းက ဘယ်သူမှ မတွေ့ဖူးကြဘူး။ ဘယ်သူမှလည်း တခုတ်တရကြီး
မေးမနေကြတာလည်းပါတယ်။ ကိုကျော်ထွန်း
အဖေဆုံးတော့ ကျောင်းနားပြီး
ကြုံရာကျပန်းအကုန်လုပ်တယ်။ တစ်ခေါက်ဆို မလေးရှားကို တောင် ပွဲစားတွေနဲ့ချိတ်ပြီး
သုံးနှစ်လောက် အလုပ်သွားလုပ်လိုက်သေးတယ်။ ဒါပေမယ့် အလိမ်ခံလိုက်ရတယ်ဆိုလားပဲ။
ပြန်ထွက်ပြေးလာခဲ့တာ။ မလေးက ပြန်ရောက်ပြီးတဲ့ နောက်ပိုင်း စိတ်ကျန်းမာရေး
ဆေးရုံကိုလည်း နှစ်ခါလောက် တက်လိုက်ရသေးသတဲ့။
======
တစ်ရက် မိုးတွေအရမ်းသည်းတဲ့ ညတစ်ညမှာ ကျွန်တော်တို့အိမ်ရှေ့ကို ရပ်ကွက်လူကြီးတစ် ယောက် ညကြီးအချိန်မတော်ကြီး ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်ချလာတယ်။ ကျွန်တော်ကတော့ အခန်းထဲမှာ ရွှေဥဒေါင်းရဲ့ ဝတ္ထုဖတ်ကောင်းနေတုန်းပဲ။ အမေ အခန်းတံခါးကို လာခေါက်ပြီး ရပ်ကွက်ထဲက လူငယ်တွေကို အခေါ်ခိုင်းတာ။ ရုတ်တရက်ကြီးလည်းဖြစ် မိုးကလည်း သည်းသည်းမဲမဲရွာနေတာဆိုတော့ ကျွန်တော် ယောင်တိယောင်နနဲ့ ရပ်နေတုန်း ရပ်ကွက်လူကြီးက “မင်းတို့ရဲ့ ကိုဆံရှည်ကြီး ထဖေါက်ပြန်ပြီကွာ” တဲ့။
ကျွန်တော်လည်း မိုးကာအင်္ကျီလေးဝတ်၊ စက်ဘီးထုတ်ပြီး
ရပ်ကွက်ထဲက ဘော်ဒါတွေ ပတ်ခေါ်လိုက်တယ်။ ကျွန်တော်တို့ လူငယ်တစ်သိုက်
ကိုကျော်ထွန်းအိမ်ကိုရောက်တော့ ကိုကျော်ထွန်း တစ်ယောက် သူ့အိမ်ကို မိုးရေထဲမှာ ငှက်ကြီးတောင်ကြီးကိုင်ပြီး ပါးစပ်ကလည်း သူ့ဆီကတစ်ကြိမ်တစ်ခါမှ မကြားဖူးတဲ့ ဖရုဿဝါစာ စကားလုံးတွေ လှိုင်လှိုင်ကြီးသုံးလို့။ သူ့အိမ်ရှေ့မှာလည်း
အသက်သွေးအလိမ်းလိမ်းနဲ့ အသက်ငင်နေတဲ့ ခွေးနှစ်ကောင်က ကူကယ်ရာမဲ့။ မိုးထဲရေထဲမှာ အသိစိတ်တွေ လွတ်နေတဲ့ ကိုကျော်ထွန်းကို ကျွန်တော်လည်း တုံဏိဘာဝေငေးနေမိတယ်။ လမ်းပေါ်မှာ လူတွေအုံကြွနေ ပေမယ့်လို့ ဘယ်သူမှ သွားပြီး ဖြန်ဖြေတာ၊ ဆွဲတာ၊ ထိန်းတာတို့မလုပ်ကြဘူး။ အကုန်လုံးက ဒီအချိန်မှာ ဇာတ်စဉ်အောက်က ပွဲကြည့်
ပရိသတ်တွေ သက်သက်ပဲ။ နောက်တော့ ကိုကျော်ထွန်းတစ်ယောက် လက်ထဲက
ငှက်ကြီးတောင်ကို လွှတ်ချပြီး တစ်ချုံးချ ထိုင်ငိုတော့တာ။ အဲတော့မှာ ကျွန်တော်လည်း
ငှက်ကြီးတောင်ဓါးကို အမြန်ပြေး ကောက်လိုက်ရတယ်။ ကိုဝေဖြိုးနဲ့ စျေးထဲက ကုန်စိမ်းသည် မိန်းမကြီးတွေတချို့
ကိုကျော်ထွန်းအနားကပ်ပြီး သွားချော့ကြတယ်။ ရပ်ကွက်လူကြီးကတော့ လမ်းထဲကို ရဲတွေ
ဘယ်တော့ရောက်မလဲ လည်တဆန့်ဆန့်ပဲ။ တစ်သက်လုံး တပြုံးပြုံးတရယ်ရယ်လုပ်နေတဲ့ ကိုကျော်ကြီးက တော့ ရှိုက်ကြီးတငင်ငိုလို့။
ရဲတွေရောက်လာပြီး ကိုကျော်ထွန်းကိုခေါ်သွားကြတော့ ဘယ်သူမှ မျက်နှာမကောင်းကြဘူး။ မိုးက ဆဲသွားပြီဆိုပေမယ့် မိုးပေါက်လေးတွေ လေထဲမှာ အနည်းကျဉ်းကလေးတော့ ပါနေတုန်းပဲ။ ရဲကားလေး ရပ်ကွက်ထဲက ထွက်သွားတာကို လူအုပ်ကြီးက စိတ်လက်မအီမသာကြီးနဲ့ ငေးကြည့်နေကြသေးတာ။ လှုပ်စစ်မီးမရှိတဲ့ ကိုကျော်ထွန်းတို့အိမ်ကတော့ အမှောင်အတိဘဲ။ ကျွန်တော်တို့ လူငယ်တစ်သိုက်ကတော့
အသက်ငင်နေတဲ့ ခွေးနှစ်ကောင်ကို အပြတ်ရှင်းလိုက်ကြတယ်။
=========
အဲသည့်နောက်ပိုင်းမှာတော့ ရပ်ကွက်ထဲမှာ ကိုဆံရှည်လို့ခေါ်တဲ့ ကိုကျော်ထွန်းအကြောင်း အရင်ကထက် ပိုပြီးလူပြောသူပြောများလာတယ်။ လက်ဖက်ရည်ဆိုင်ထိုင်ရင်ပဲဖြစ်ဖြစ်၊ စျေးထဲမှာ အမေစျေးရောင်းတာ သွားကူရင်ပဲဖြစ်ဖြစ် ကိုကျော်ထွန်းအကြောင်း မကြားချင်မှအဆုံးပဲ။ ကိုကျော်ထွန်း ဘယ်လို အစွဲအလမ်း ကြီးတဲ့ကြောင်း၊ ဘယ်လောက် စိတ်ရှည်တဲ့ကြောင်း၊ ဘယ်လောက် ရိုးသားတဲ့ကြောင်းတွေပေါ့။ မရှိတော့မှ တ ကြသူတွေအများသားပဲ။ အထူးသဖြင့်ကတော့ အမေပေါ့။ ခါတိုင်း သီရိမင်္ဂလာစျေးက ပြန်လာရင် ဝယ်လာတဲ့ ကုန်ခြောက်တွေ သယ်ရပြုရတာ၊ ညဆိုင်သိမ်းတာကစလို့ ကိုကျော်ထွန်းက မရှိလို့မဖြစ်ဘူး။ အိမ်မှာကလည်း ခိုင်းစရာလူကမရှိ။ ဆိုတော့ ညဘက် ဆိုင်သိမ်းလို့ စာရင်းတွက်နေရင်းနဲ့လည်း ကိုကျော်ထွန်းကို တဖွဖွပြောနေ ရှာတာ။
ကျွန်တော်ကြားမိသလောက်ဆိုရင်တော့ ကိုကျော်ထွန်းတို့က အောက်ထားဝယ်ဘက်ကလာတယ် ပြာကြတာပဲ။ လာတုန်းက သားအဖနှစ်ယောက်တည်းပဲ။ သူတို့အိမ်ကို ဆွေမျိုးသင်္ဂဟရယ်လို့ လာလည်တဲ့ သူဘယ်တုန်းကမှ မရှိခဲ့ဘူး။ သူရောက်တော့ ကျွန်တော်တောင် မွေးသေးတာမဟုတ်ဘူး။ သူ့အဖေက အရင်ကတော့ ငါးဖမ်းလှေသူကြီးဆိုလားပဲ။ နောက် ရန်ကုန်ရောက်တော့ လိုင်းကားစပယ်ယာ လုပ်တယ်။ ကြာလာတော့ လိုင်းကားမောင်းပေါ့။ အဖေတစ်ခု သားတစ်ခုပဲ။ ကိုကျော်ထွန်းက ငယ်ငယ်တုန်း ကတော့ ကျောင်းမှာ စာသိပ်တော်တာလို့လည်းပြောကြတယ်။ နှစ်တိုင်းဆုတွေရတယ်ဆိုလားပဲ။ ပြီးတော့ သူ့အဖေက အရက်မဆိုထားနဲ့ ဆေးလိပ်တောင်မသောက်တတ်တဲ့ တကယ့်လူရိုးလူအေးကြီး။ ကံမကောင်းချင်တော့ ကားမတော် တဆဖြစ်ပြီး ဆုံးသွားတာ။
ကိုကျော်ထွန်းအဖေဆုံးတော့ ကိုကျော်ထွန်းက ရှစ်တန်းလားပဲရှိသေးတယ်။ သူ့ကို သူ့အဖေရဲ့ ကားအုံနာကြီးက ကျောင်းဆက်ထားမယ်လို့ ပြောပြီး နောက်ပိုင်း ဘယ်တော့မှ ပေါ်မလာတော့ဘူး။ ဒီလိုနဲ့ ကိုကျော်ထွန်းကျောင်းထွက် ကြုံရာအလုပ်လုပ်တယ်။ ဆိုက္ကားနင်း၊ ပန်းရံ၊ စပယ်ယာလိုက် အလုပ်ကြမ်း တွေလည်းစုံလို့။ တစ်ရက် မလေးရှားသွားတာတွေ ခေတ်ထတော့ သူ့အိမ်မြေတစ်ခြမ်းကို ရောင်းပြီး မလေးရှားသွားသေးတာ။ အဲသည့်ပွဲစားကြီးပြောတော့ စက်ရုံမှာအလုပ်ရမယ်။ ခြောက်လဆိုရင် အကြွေးကျေပြီး နောက်သုံးနှစ်ဆိုရင် စီးပွားရေးလုပ်ဖို့ အရင်းအနှီးလုံလုံလောက်လောက်ရမယ်ဆိုပြီး ရပ်ကွက်ထဲက လူငယ်သုံးလေးယောက်ထွက်သွားလိုက်တာ နောက်သုံးနှစ်အကြာမှာ ကိုကျော်ထွန်း တစ်ယောက်ပဲ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ရပ်ကွက်ထဲကို ပြန်ရောက်လာတယ်။ ကျန်တဲ့သူတွေကတော့ ဘာသတင်း အစအနမှ မရတော့ဘူး။
မလေးရှားမှာ ကိုကျော်ထွန်းဘာတွေ လုပ်ခဲ့လဲ၊ ဒီကိုဘယ်လိုပြန်ရောက်လာခဲ့လဲဆိုတာတော့ ဘယ်သူမှ မသိကြတော့ဘူး။ ဘယ်လိုမေးမေး ခါးခါးတူးတူးငြင်းတော့တာပဲတဲ့။ ရောက်စတုန်းကဆိုရင် စကားလုံးဝ မပြောဘူး။ နောက် ညတစ်ညမှာ အရင်ညတုန်းကလိုပဲ။ ငှက်ကြီးတောင်ကြီးကိုင်ပြီး သောင်းကြမ်းတော့တာပဲ။ ဒီလိုနဲ့ စိတ္တဇဆေးရုံကိုရောက်တာ ဒီတစ်ခါနဲ့ဆိုရင် သုံးခါရှိပြီ။ ဒါကတော့ နောက်ပိုင်း ကျွန်တော်ကြားမိသမျှ ကိုကျော်ထွန်း အကြောင်းပဲ။
======
ကျွန်တော် ကျောင်းပထမနှစ်ဝက်ပြီးတော့ အမေ့ကို စျေးရောင်းကူရင်းနဲ့ အမေနဲ့ စျေးထဲက စျေးသည် တွေ ကိုကျော်ထွန်းအကြောင်းပြောကြရင်း ပိုက်ဆံလေးနည်းနည်းစုပြီး ကိုကျော်ထွန်းကို အားလုံးကိုယ်စား ကျွန်တော့်ကို သွားကြည့်ပေးဖို့ ပြောကြလို့ ကျွန်တော်ရယ်၊ လက်ဖက်ရည်ဆိုင်က ဦးဝေဖြိုးရယ် နှစ်ယောက်သား ရွာသာကြီးကိုလစ်လာခဲ့ကြတယ်။ ရပ်ကွက်ထဲကလူတွေ စုပြီးပေးလိုက်တဲ့ ပိုက်ဆံတွေ၊ မုန့်ပုံးတွေကို အဲသည့်က ဆရာဝန်ကိုပဲ ပေးခဲ့လိုက်တယ်။ ကိုကျော်ထွန်းနဲ့တွေ့တော့ ကိုကျော်ထွန်းကြီး ကတုံးဆံတောက်ကေကြီးနဲ့ တစ်သက်တစ်ကိုယ် ဆံပင်ရှည်နဲ့နေလာတဲ့ ကိုကျော်ထွန်းကို ဂတုံးဆံတောက် ကြီးနဲ့ တွေ့ရတော့ ကျွန်တော်ရော ဦးဝေဖြိုးကြီးကို တစ်ယောက်ကိုတစ်ယောက် ပြုံးနေလိုက်ကြသေးတာ။ ဒါပေမယ့် ကျွန်တော်တို့ အပြုံးက ကြာကြာမခံပါဘူး။ ဦးဝေဖြိုးကြီးရော ကျွန်တော်ရော နှစ်ယောက်သား ဝမ်းသာအယ်လဲနှုတ်ဆက်နေပေမယ့် ကိုကျော်ထွန်းကတော့ ကမ္ဘာတစ်ဘက်ခြမ်းကလူတစ်ယောက်လို။ ကျွန်တော်တိို့ကို တစ်ခါမှ မတွေ့ဖူးတဲ့ ဂြိုလ်သားတွေလို ငေးလို့…….။